The network connection is lost.

Banner Image

ကမ္ဘာ့ချန်ပီယံစပိန်အပေါ် အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို သူ့လက်ထက် အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ တူချယ် ဝန်ခံ

ကမ္ဘာ့ချန်ပီယံစပိန်ကို ၂-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဥရောပနေးရှင်းလိဂ်ပွဲစဉ်ကို သူ စတင်တာဝန်ယူပြီးနောက်ပိုင်း သူ့အသင်းရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ဝန်ခံပြောကြားလိုက်ပါတယ်။

ယမန်နေ့(တနင်္ဂနွေနေ့)၊ မက်ဒရစ်မြို့မှာ တူချယ်ရဲ့အသင်းက စပိန်ရဲ့မယုံကြည်နိုင်စရာ ၄၃ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်ခဲ့ပြီး အမှတ်ရစရာနိုင်ပွဲတစ်ခုကို ဖန်တီးရယူခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းမပြီးဆုံးခင်လေးမှာပဲ ဘော်လွန်းဒီအော်ဆုရှင်ဟယ်ရီကိန်းက ပင်နယ်တီမှတဆင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး သိပ်မကြာခင်မှာပဲ ကွန်ဆာက ဒုတိယဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။

နောက်ထပ်လေးမိနစ်အကြာမှာပဲ ဘန်ဝှိုက်က တတိယမြောက်ဂိုးကို သွင်းယူခဲ့ပေမဲ့ အန်ဒါဆန်အနီကတ်ပြသခံရမှုနဲ့အတူ ဧည့်သည်အင်္ဂလန်အတွက် အကျပ်အတည်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီပြစ်ဒဏ်မှတဆင့် အိုယာဇာဘယ်လ်က ပင်နယ်တီဗွေဆော်ဦးချေပဂိုးကို သွင်းယူခဲ့သလို နီကိုဝီလျံစ်ကလည်း အိမ်ရှင်တွေအတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲစဉ်အပြီး ITV Sport နဲ့တွေ့ဆုံချိန် တူချယ်က သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သလို ဒီစွမ်းဆောင်ရည်ကို သူ့ရဲ့နည်းပြသက်တမ်းကာလအတွင်း အကောင်းဆုံးပဲလို့ သဘောတူခဲ့ပါတယ်။

တူချယ်က "တကယ့်ကို ထူးချွန်တဲ့ စွမ်းဆောင်ရည်ပါပဲ။ ရလဒ်နဲ့ထိုက်တန်တဲ့ နိုင်ပွဲတစ်ခုဖြစ်သလို ခြုံပြီးကြည့်ရင် ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ အစမှအဆုံးအထိ အံ့သြဖွယ် စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့ပါတယ်" 

"အနီကတ်နဲ့ ပင်နယ်တီဆိုတာ အမြဲတမ်းလိုလို ဆုံးဖြတ်ချက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါက ဘာကြောင့် နှစ်ထပ်ကွမ်းပြစ်ဒဏ် ဖြစ်သွားရသလဲဆိုတာကို ကျွန်တော် နားလည်ဖို့ လိုပါလိမ့်မယ်"

"အဲဒီအချိန်မှစလို့ နောက်ဆုံးမိနစ် ၃၀ ကြာယှဉ်ပြိုင်ကစားမှုက အကြာကြီးလို ဖြစ်နေခဲ့ပေမဲ့ အဲ့ဒါကို ကျွန်တော် အာရုံမစိုက်ချင်ပါဘူး။ ပထမမိနစ် ၆၀ အတွင်းမှာ အပြုသဘောဆောင်တဲ့ အရာတွေ အများကြီးရှိခဲ့ပါတယ်"

"ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ။ ကျွန်တော်တို့ အရာအားလုံးကို ကွင်းထဲ ယူဆောင်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရဲရင့်ခဲ့ကြတယ်။ စိတ်ဓာတ်နဲ့ စွမ်းအင်ပိုင်းရော ဘောလုံးအရည်အသွေးပိုင်းပါ အမြင့်မားဆုံးအဆင့်မှာ ရှိခဲ့ပါတယ်"

"ကျွန်တော်တို့ ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်နဲ့ စိတ်ထားပိုင်းအပေါ်မှာပဲ အာရုံစိုက်ခဲ့ကြတာပါ။ ကစားသမားတွေ စွမ်းဆောင်ပြခဲ့တဲ့ အရာတွေအတွက် ဘယ်လောက်ပဲ ချီးကျူးချီးကျူး မလုံလောက်နိုင်ပါဘူး"

"ဒီလိုအသင်းမျိုးကို ကစားသမားတစ်ဦးလျော့နဲ့ ရင်ဆိုင်ရချိန်မှာ နာရီဝက်ဆိုတာ နှစ်နာရီလောက်ကြာတယ်လို့ ခံစားရပါတယ်။ ဒါက ဖြစ်လေ့ရှိတဲ့ အရာပါပဲ။ အနီကတ်သာ မရှိလာဘူးဆိုရင် ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းကို အနိုင်ရမယ့်သူတွေ ဖြစ်ပါတယ်"

"ကောင်းမွန်တဲ့ နှစ်ကြိမ်ဆက် ကာကွယ်မှုတစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ ဂျိမ်းစ်ထရက်ဖို့ဒ်အတွက် အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ခုပါ" လို့ ပြောပါတယ်။

အင်္ဂလန်အသင်း ပြသခဲ့တဲ့ အရာတွေနဲ့ပတ်သက်လို့ တူချယ်က "ကျွန်တော်တို့မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေသလဲနဲ့ ဘာတွေ လုပ်နိုင်သလဲဆိုတာကို ပြသခဲ့တာပါ။ ကျွန်တော်တို့ရဲ့အစွမ်းအစနဲ့ အကန့်အသတ်တွေကို ကျော်လွန်အောင် လုပ်ဆောင်ဖို့ အမြဲ အသင့်ရှိနေပါတယ်။ ကမ္ဘာ့ဖလားမှာ နှစ်ပေါင်း ၆၀ အတွင်း အကောင်းဆုံးရလဒ်ကို ကျွန်တော်တို့ ရရှိခဲ့ပေမဲ့ အဲဒီအပေါ်မှာ ကျွန်တော်တို့ ကျေနပ်မှုမရှိသလို အားရမှုလည်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စခန်းသွင်းလေ့ကျင့်မှုနှစ်ခုမှာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာတွေက အထင်ကြီးစရာ ကောင်းပါတယ်" လို့ ရှင်းပြပါတယ်။

သူ့လက်ထက် အကောင်းဆုံးစွမ်းဆောင်ရည် ဖြစ်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ တူချယ်က "ဘယ်သူနဲ့ ကစားခဲ့ရသလဲ၊ ဘယ်နေရာမှာ ကစားခဲ့ရသလဲဆိုတဲ့ အခြေအနေတွေအရ ကြည့်မယ်ဆိုရင်တော့ ဟုတ်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

နေးရှင်းလိဂ်မှာ ဗိုလ်စွဲနိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း အင်္ဂလန်နည်းပြက "လောလောဆယ်တော့ ကွာတားဖိုင်နယ်မှာ အနိုင်ရဖို့ပါပဲ" လို့ တုံ့ပြန်ဖြေဆိုပါတယ်။