The network connection is lost.

Banner Image

လိဒ်နဲ့သရေပွဲစဉ်အပြီး ယူနိုက်တက်မှာ ရဲရင့်မှု လိုအပ်နေဆဲပဲလို့ ပြောဆိုလိုက်တဲ့ မက်ဂွါရီ

အီလန်ရုဒ်ကွင်းမှာ အစွမ်းကုန်ရုန်းကန်ပြီး သရေတစ်မှတ် ရယူနိုင်ခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်အတွက် အခုထက်ပိုပြီး ရဲရင့်မှုပြသဖို့ လိုအပ်နေသေးတယ်လို့ မက်ဂွါရီက ပြောကြားခဲ့သလို ပိုမိုအားကောင်းတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ထွက်ပေါ်အောင် ကစားကွက် အပြောင်းအလဲပြုလုပ်ခဲ့တဲ့ နည်းပြမိုက်ကယ်ကာရစ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဧည့်သည်တွေက အမ်ဘွေမိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ ကယ်လ်ဗတ်လီဝင်ရဲ့ချေပဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။

အခုဘောလုံးရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ခွင့်ကို ဆုံးရှုံးလိုက်ရလို့ မိုက်ကယ်ကာရစ်ရဲ့အသင်း စိတ်ပျက်မိနိုင်ပေမဲ့ အခက်အခဲတွေနဲ့ပြည့်နှက်နေတဲ့ ရက်သတ္တပတ်အဆုံးသတ်ချိန် ပိုမိုအားရစရာကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အထောင်တိုက်စစ်မှူးစစ်စစ် မပါဝင်ဘဲ ပွဲထွက်လာခဲ့ပြီး အန်ဒရေဆန်းတို့စ်၊ ဘာလီဘာနဲ့ တိုင်လီမန်းစ်တို့ရဲ့ကွင်းလယ်ပိုင်းက အိမ်ရှင်တွေရဲ့ကစားကွက်ကို ကောင်းကောင်းထိန်းချုပ်ဟန့်တားနိုင်ခဲ့ပါတယ်။

Sky Sports နဲ့အင်တာဗျူးမှာ နည်းဗျူဟာအပြောင်းအလဲနဲ့ပတ်သက်ပြီး မက်ဂွါရီက "အခုသီတင်းပတ်အတွင်း ကျွန်တော်တို့ ဒီပုံစံကို လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမရှိချိန် ပြိုင်ဘက်ကို အပြင်းအထန်ဖိအားပေးယှဉ်ပြိုင်ချင်ခဲ့ပါတယ်။ သူတို့က ကွင်းလယ်မှာ ကစားသမားနှစ်ဦးပဲ အသုံးပြုလို့ ကွင်းလယ်ဗဟိုမှာ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ အများကြီးရနိုင်မယ်ဆိုတာ သိထားခဲ့ပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂၄ နှစ်တာကာလလုံးလုံး မရှုံးနိမ့်ခဲ့ဖူးတဲ့ ကွင်းမှာ အမှန်တကယ်အရှိန်မြှင့်တင်ပြီး အနိုင်ယူသွားဖို့အတွက် သူ့အသင်းမှာ ရဲရင့်မှု နည်းပါးနေသေးတယ်လို့ ဗဟိုနောက်ခံလူက ယူဆခဲ့ပါတယ်။

မက်ဂွါရီက "ဒါက ပွဲချိန်အတွင်းမှာ ကျွန်တော်တို့ အခုထက်ပိုလုပ်နိုင်ခဲ့သင့်တဲ့ အပိုင်းကဏ္ဍ ဖြစ်နိုင်ပါတယ်။ ဘောလုံးကိုင်ကစားတဲ့နေရာမှာ ဒီထက်ပိုပြီး ရဲရင့်သင့်သလို ဖိအားတွေအောက်မှာ ဘောလုံးကို ပိုပြီး တည်တည်ငြိမ်ငြိမ် ကိုင်ကစားနိုင်သင့်ပါတယ်"

"ဒါပေမဲ့ ကျွန်တော်တို့က ရှိသင့်သလောက် မရဲရင့်နိုင်တဲ့ အခြေအနေတစ်ခုဆီ ရောက်ရှိနေပြီး ဒါကို အမြန်ဆုံးပြန်လည်ရယူရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာယူနိုက်တက်အတွက် ပွဲစဉ်တွေအနိုင်ရဖို့ဆိုရင် ကျွန်တော်တို့ဆီမှာ အဲဒီလို ရဲရင့်မှုနဲ့ တည်ငြိမ်မှုတွေ မဖြစ်မနေရှိနေဖို့ လိုအပ်လို့ပါပဲ" လို့ ပြောပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ချန်ပီယံလိဂ်ပွဲစဉ်အပြီး အခုရရှိလိုက်တဲ့ သရေတစ်မှတ်ကြောင့် ဖိအားတွေ ကြုံတွေ့နေရတဲ့ ကာရစ်အတွက် အနည်းငယ် သက်ပြင်းချစရာ ဖြစ်လာနိုင်ပါတယ်။

အပြောင်းအရွှေ့တာဝန်ခံဂျေဆန်ဝီလ်ကော့စ်အပေါ် ဒေါသတကြီးဝေဖန်ခဲ့ပြီးနောက် ပြန်လည်တောင်းပန်ခဲ့ရတဲ့ လီဆန်ဒရိုမာတီနက်ဇ်လည်း အခုပွဲစဉ်ရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပေမဲ့ ဒဏ်ရာအနည်းငယ်ရရှိခဲ့လို့ ပထမပိုင်းပွဲချိန်အပြီး လူစားလဲထွက်ခွာခဲ့ပါတယ်။