The network connection is lost.

Banner Image

တော့တင်ဟမ်အသင်းရဲ့စိတ်ဓါတ်ပိုင်းနဲ့ ဆိုလန်ကီရဲ့ဦးဆောင်နိုင်မှုအရည်အသွေးကို ချီးကျူးလိုက်တဲ့ ဒီဇာဘီ

မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ စနေညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဒီဇာဘီက တော့တင်ဟမ်အသင်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအရည်အသွေးကို ချီးကျူးခဲ့သလို ဆိုလန်ကီလည်း အခုဘောလုံးရာသီမှာ သူ့ရဲ့အကောင်းဆုံးပုံစံဆီ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ ထောက်ခံအားပေးခဲ့ပါတယ်။

တော့တင်ဟမ်အတွက် ဘန်တန်ကာ အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် အသင်းခေါင်းဆောင်လက်ပတ် လွှဲပြောင်းရယူခဲ့တဲ့ ဆိုလန်ကီက နာကျင်အချိန်ပိုမှာ အဖိုးတန်ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒါက ဒီတိုက်စစ်မှူးအပေါ် သူ့ရဲ့ယုံကြည်မှုကို ပြသဖို့ ရည်ရွယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီဇာဘီက ရှင်းပြခဲ့ပါတယ်။

ဒီဇာဘီက "ဆိုလန်ကီရဲ့ခြေစွမ်း မကောင်းမွန်ဘူး ဟုတ်လား? ဒါ မမှန်ကန်ပါဘူး" လို့ ပြောပါတယ်။

"သူက ပြီးပြည့်စုံတဲ့ကစားသမားတစ်ဦး၊ လူကောင်းတစ်ဦး ဖြစ်သလို သူ့ရဲ့စရိုက်လက္ခဏာတွေကြောင့် ဆိုလန်ကီဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံးတိုက်စစ်မှူးတောင် ဖြစ်နိုင်ပါတယ်"

"ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပိုင်းမှာ သူအဆင်ပြေနေဖို့ လိုအပ်ပေမဲ့ သူက ကစားသမားကောင်းဖြစ်နေလို့ အခုပွဲစဉ်မှာ သူ့အပေါ် ကျွန်တော့်ရဲ့ယုံကြည်မှုနဲ့ သူ့ရဲ့အရေးပါမှု ဘယ်လောက်ရှိသလဲဆိုတာ ပြသချင်ခဲ့ပါတယ်"

"သူ့မှာ ဒီအသင်းအတွက် အလှည့်အပြောင်းဖန်တီးပေးနိုင်စွမ်း ရှိနေလို့ အခုလိုခြေစွမ်းပြနေတဲ့ ဆိုလန်ကီကို ကျွန်တော်တို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် တော့တင်ဟမ်ရဲ့တစ်ပွဲလုံးဆိုင်ရာစွမ်းဆောင်ရည်ပိုင်းကို ဒီဇာဘီ ကျေနပ်နေခဲ့ပြီး ဒါက သူမြင်တွေ့ချင်တဲ့ စည်းလုံးညီညွှတ်မှုကို အခုဘောလုံးရာသီမှာ သူ့အသင်းသားတွေကိုယ်တိုင် ပထမဆုံးအကြိမ် ပြသနိုင်ခဲ့ခြင်းလို့ ယုံကြည်နေပါတယ်။

ဒီဇာဘီက "ဒီနေ့ပွဲစဉ်ကတော့ အခုဘောလုံးရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့တွေ အသင်းအဖွဲ့တစ်ခုဖြစ်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့တဲ့ အခိုက်အတန့်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့က အသင်းဖော်တွေအတွက် ကစားပေးခဲ့တယ်၊ အတူတကွ တွဲဖက်ကစားခဲ့ကြတယ်၊ ပွဲပြီးဆုံးချိန်အထိ ယုံကြည်မှုအပြည့် ရှိခဲ့ကြပါတယ်"

"ကျွန်တော်တို့ အသင်းလိုက် တိုက်စစ်ဆင်ခဲ့တယ်၊ အသင်းလိုက် ခံစစ် ကစားခဲ့ကြပြီး မှန်ကန်တဲ့ စိတ်နေသဘောထားမျိုး ရှိခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

ဒီဇာဘီက တော့တင်ဟမ်အတွက် ကစားသမားတစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပေမဲ့ ကြီးမားတဲ့ ခွန်အား၊ ခိုင်မာတဲ့ စိတ်ဓါတ်ပိုင်းတွေနဲ့အတူ ပြန်လည်တုံ့ပြန်နိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဘရိုက်တန်နည်းပြဟောင်းက "ကစားသမား ၁၀ ဦးတည်းနဲ့ ကျွန်တော်တို့က ပိုမို ကြီးမားတဲ့ ခွန်အားနဲ့ ကစားနိုင်ခဲ့ပြီး ပွဲရဲ့အခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်"

"အချိန်အတော်ကြာအောင် တော့တင်ဟမ်မှာ အခုလိုစိတ်ဓါတ်မျိုး မရှိဘဲ ကစားခဲ့ကြပါတယ်။ အခုတော့ ဒီလိုစိတ်ဓာတ်မျိုးကို ပွဲတိုင်းမှာ မြင်တွေ့ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်လည်း စိတ်ဓာတ်ပြင်းပြမှုကို ပြသခဲ့လို့ပါပဲ"

"အရည်အသွေးတစ်ခုတည်းနဲ့ ကျွန်တော်တို့တွေ ပွဲတိုင်းကို အနိုင်မရရှိနိုင်ပါဘူး"

"အရည်အသွေး၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ မှန်ကန်တဲ့ ခွန်အားတွေ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် နိုင်ပွဲတွေ အများကြီးရရှိနိုင်ပြီး ဂိုးတွေ အများကြီးသွင်းယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။