
အသင်းတိုင်းက ဘာစီလိုနာကိုကြောက်ရွံ့နေကြပြီလို့ ပြောကြားလိုက်တဲ့ အွန်နရီ
ဘာစီလိုနာကစားသမားဟောင်း သီယာရီအွန်နရီက ဆီဗီလာကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဘာစီလိုနာဟာ အသင်းတိုင်းကကြောက်ရွံ့ရလောက်တဲ့ အဆင့်အတန်းကိုရောက်ရှိနေပြီလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ဆီဗီလာကိုအနိုင်ရပြီး ၃ မှတ်အပြည့်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာသာရပ်တည်ထားနိုင်ပေမယ့် ထိပ်ဆုံးကရီးရဲလ်မက်ဒစ်နဲ့ ၂ မှတ်၊ ဒုတိယနေရာက အက်သလက်တီကိုနဲ့ ၁ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။
ဆီဗီလာနဲ့ပွဲစဉ်မှာ ဘာစီလိုနာဟာ အသင်းရဲ့အဓိကနောက်ခံလူ ရော်နယ်အရူဂျို စောစောစီးစီးဒဏ်ရာရသွားခဲ့သလို၊ ဖာမင်လိုပက်ဇ်တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာကြောင့် မိနစ် ၃၀ ကျော်အထိ ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပေမယ့် ဂိုးပြတ်နိုင်ပွဲကိုတော့ သက်တောင့်သက်သာဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အွန်နရီက "ဘာစီလိုနာက ချန်ပီယံစိတ်ဓာတ်အပြည့်နဲ့ ကစားနေပါတယ်။ ဘယ်အချိန်မှာတိုက်စစ်ဆင်ရမယ်၊ ဘယ်အချိန်မှာ ခံစစ်ကစားရမယ်ဆိုတာကောင်းကောင်းသိနေသလို၊ ဘယ်အချိန်မှာ ပွဲကို ကိုယ့်စိတ်ကြိုက်အဆုံးသတ်ရမလဲဆိုတာလည်း သိနေပါပြီ။ အခုဘာစီလိုနာကို အသင်းတိုင်းကြောက်ရွံ့နေကြမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဟန်ဆီဖလစ်ရဲ့ဦးဆောင်မှုနဲ့အတူ တိုက်စစ်ပိုင်းအလွန်တိုးတက်ကောင်းမွန်လာတဲ့ ဘာစီလိုနာဟာ ဒီရာသီ လာလီဂါမှာ ၆၄ ဂိုးအထိသွင်းယူထားနိုင်တာဖြစ်ပါတယ်။ တစ်ဖက်မှာ အမှတ်ပေးဖလားပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ကတော့ ၅၁ ဂိုးနဲ့ ၃၈ ဂိုးစီသာသွင်းယူထားနိုင်ပါသေးတယ်။