The network connection is lost.

Banner Image

ဇန်နဝါရီမှာ နောက်ခံလူသစ်ခေါ်ယူဖို့လိုအပ်ကြောင်း ပြောကြားလာတဲ့ ဘာစီလိုနာနည်းပြ ဖလစ်ခ်

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က အသင်းအနေနဲ့ နောက်တန်းပိုင်းအင်အားလျော့နည်းမှုတွေရှိနေတာကြောင့် လာမယ့်ဇန်နဝါရီမှာ နောက်တန်းကစားသမားသစ်ခေါ်ယူဖို့လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိလာလီဂါ ၁၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၂၀ အထိခွင့်ပြုထားရပြီး အဆိုပါပမာဏမှာ လိဂ်အတွင်း အဆင့် ၁ မှ အဆင့် ၇ အတွင်းရှိအသင်းတွေထဲမှာ အများဆုံးပမာဏဖြစ်ပါတယ်။ ဒါ့အပြင် ဟန်ဆဖလစ်ခ်ရဲ့အသင်းဟာ ချန်ပီယံလိဂ် ၆ ပွဲအတွင်းမှာလည်း ၁၁ ဂိုးအထိခွင့်ပြုထားရတာဖြစ်ပါတယ်။ 

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖို့ရှိမရှိမေးမြန်းခဲ့ရာ ဖလစ်ခ်က "အခုလောလောဆယ်တော့ ကစားသမားသစ်ခေါ်ယူဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် လက်ရှိအသင်းရဲ့ ခံစစ်ကြောင်းက အစွန်လူတွေနဲ့ ဗဟိုနောက်ခံလူတွေရဲ့အခြေအနေအရ နောက်ထပ် နောက်တန်းကစားသမားတစ်ယောက်လောက် ထပ်လိုကောင်းလိုပါလိမ့်မယ်" 

"ကျွန်တော်တို့ ဆွေးနွေးမှုတွေပြုလုပ်သွားပါမယ်။ ‌‌ဆောင်းရာသီထဲမှာ ဒီလိုအဆင့်အတန်းရှိကစားသမားတစ်‌ယောက်ရဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့ တစ်ခုခု လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိပေမယ့် အဲ့ဒီအပြောင်းအရွှေ့က အသင်းအတွက် တကယ် အကျိုးရှိမှသာ လုပ်ဆောင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီက အီနီဂို မာတီနက်ဇ် ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားပြီးနောက်ပိုင်း ဘာစီလိုနာသည် ခံစစ်ပိုင်းမှာ အ‌တော်လေး ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလထဲမှာ အန်ဒရီးယပ်စ် ခရစ္စတန်ဆန်ကလည်း ဒူးအရွတ်ဒဏ်ရာ (ACL) ကြောင့် လအတော်ကြာ အနားယူရဦးမှာဖြစ်ပါတယ်။ 

ဒါကြောင့် ရော်နယ်အရူဂျိုမပါဝင်နိုင်တဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဖလစ်စ်ဟာ လူငယ်ကစားသမားလေး ပေါကူဘာစီနဲ့ ဘယ်နောက်ခံမှ ဗဟိုနောက်ခံအဖြစ်ပြောင်းလဲကစားနိုင်တဲ့ ဂျရတ်မာတင်တို့ကိုသာ အဓိကထားပြီး အသုံးပြုနေခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလက စိတ်ကျန်းမာရေးဆိုင်ရာ အနားယူမှုယူခဲ့တဲ့ အရူဂျိုဟာ ယခုသီတင်းပတ်မှာ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ထားပေမယ့် အက်စ်ပန်ညိုနဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖို့ မသေချာသေးပါဘူး။ အရူဂျိုရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဖလစ်ခ်က "ဒီပွဲမှာ ပါဖို့မပါဖို့က သူ့အပေါ်မှာပဲမူတည်ပါတယ်။ သူအဆင်ပြေနေပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာတော့ ၁၀၀ ရာခိုင်နှုန်းမဖြစ်သေးပါဘူး။ ဘယ်လောက်မြန်မြန်ပြန်ကစားမလဲဆိုတာ သူပဲဆုံးဖြတ်ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။