ဘာစီလိုနာအတွက် ဂိုးသွင်းယူနိုင်ပေမယ့် ဘာကြောင့်အပြည့်အဝမပျော်ရွှင်နိုင်သလဲဆိုတာ ရှင်းပြလိုက်တဲ့ ရက်ရှ်ဖို့ဒ်
မားကပ်စ်ရက်ရှ်ဖို့ဒ်က တနင်္ဂနွေနေ့၊ Montjuic ကွင်းမှာ အယ်လ်ချီကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း သူ့ရဲ့အခုရာသီ၊ ဒုတိယမြောက်လာလီဂါဂိုးကို သွင်းယူခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားက ဟန်စီဖလစ်ခ်ရဲ့အသင်းအတွက် သေချာပေါက်နိုင်ပွဲရရှိစေဖို့ ဖာမင်လိုပက်ဇ်ရဲ့ဖန်တီးပေးမှုမှတဆင့် ကောင်းမွန်တဲ့အဆုံးသတ်စွမ်းရည်နဲ့အတူ ဂိုးသွင်းယူခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က ဂိုးမသွင်းယူနိုင်ချိန်အထိ စိတ်ပျက်စရာကောင်းတဲ့နေ့လည်ခင်းတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ပွဲစဉ်အပြီးမှာလည်း သူ့ရဲ့စွမ်းဆောင်ရည်အပေါ် လုံးဝမကျေနပ်မိဘူးလို့ ဝန်ခံခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ရက်ရှ်ဖို့ဒ်က “ အကောင်းဆုံးပေးဆပ်နိုင်ဖို့အတွက် ကျွန်တော် ကြိုးစားပါတယ်။ အယ်လ်ချီနဲ့ပွဲစဉ်မှာလည်း ကျွန်တော်ကိုယ်တိုင် ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်။ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ကျေနပ်စရာလုံးဝမရှိလို့ အခုထက်ပိုပြီးတိုးတက်လာအောင် ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်။ ကျွန်တော်တို့က အနိုင်ရလဒ်အတွက် အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ တစ်ပွဲချင်းစီအာရုံစိုက်ကစားနေပါတယ်။ အသင်းတစ်ခုအဖြစ် ဆက်ကစားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါက ဘာစီလိုနာဖြစ်လို့ တောင်းဆိုမှုတွေက အမြင့်ဆုံးအဆင့်မှာ အမြဲတမ်းရှိနေပါလိမ့်မယ်”လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်မှ အငှားဖြင့်ရောက်ရှိလာတဲ့ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအတွက် အခုရာသီ၊ ပြိုင်ပွဲစုံ ၁၄ ပွဲကစားကာ ခြောက်ဂိုးသွင်း၊ ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်ထားပါတယ်။