The network connection is lost.

Banner Image

အယ်လ်ဘာစီတီနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ အလွန်ဝမ်းသာမိကြောင်း ဖွင့်ဟလာတဲ့ အရူဂျို

ဘာစီလိုနာအသင်းရဲ့ ခံစစ်မှူး ရော်နယ်လ် အရူဂျိုဟာ အယ်လ်ဘာစီတီအသင်းကို အနိုင်ရရှိပြီး ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် အလွန်ဝမ်းမြောက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်ဟာ ပြီးခဲ့တဲ့လက အနားယူမှုတွေပြုလုပ်ပြီး အစ္စရေးနိုင်ငံကို သွားရောက်ခဲ့တဲ့ အရူဂျိုအတွက်တော့ အသင်းမှာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့်ရတဲ့ ပထမဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အရူဂျိုက "ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ဒီပွဲကို အလေးအနက်ထား ကစားခဲ့ကြတာပါ။ ဖလားပွဲစဉ်တွေက ဘယ်တော့မှ မလွယ်ကူဘူးဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက "ဖလားပွဲတွေရဲ့ ရလဒ်ဟာ နောက်ဆုံးအချိန်အထိ အဆုံးအဖြတ်မပေါ်နိုင်ပါဘူး။ ပြိုင်ဘက်အသင်းက ဂိုးတစ်ဂိုး ရသွားတဲ့အချိန်မှာ နောက်ဆုံးမိနစ်တွေအတွင်း သူတို့က ကျွန်တော်တို့ကို ပြန်လည်ဖိအားပေးလာတာဟာ ပုံမှန်ပါပဲ" လို့ ဆိုပါတယ်။

"ဒါပေမဲ့ ကျွန်တော်တို့အသင်းက ဒီအခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်သွားပါပြီ၊ ဒါဟာ အရေးကြီးဆုံးပါပဲ" လို့ အရူဟိုက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပွဲတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ကစားသမားတိုင်းဟာလည်း စိတ်အားထက်သန်စွာနဲ့ ယှဉ်ပြိုင်ခဲ့ကြတာကြောင့် နောက်ထပ် ဆီမီးဖိုင်နယ်တစ်ခုကို ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိမိရဲ့ အနိုင်ဂိုးနဲ့ပတ်သက်လို့လည်း အရူဂျိုက "အနိုင်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရော ကလပ်အသင်းပါ အကောင်းဆုံး ကြိုးစားနေကြတဲ့အတွက် အခုလို ရလဒ်ကောင်းရတာ ဝမ်းသာစရာပါ။ ကျွန်တော့်ရဲ့ ကစားဖော်တွေနဲ့ မန်နေဂျာကိုလည်း အထူးကျေးဇူးတင်ချင်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ၎င်းက "နေ့စဉ်နဲ့အမျှ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုနဲ့ အခြေအနေက ပိုပြီး ကောင်းမွန်လာတယ်လို့ ခံစားနေရပါတယ်" လို့ သူ့ရဲ့ လက်ရှိခံစားချက်ကို ပြောကြားသွားခဲ့ပါတယ်။