The network connection is lost.

Banner Image

ရာမို့စ်ကိုခေါ်ယူမယ်ဆိုတဲ့ ကောလာဟလက အဓိပ္ပာယ်မရှိကြောင်း ဆီဗီလာအကြီးအကဲ တုံ့ပြန်

ဆီဗီလာအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အန်တိုနီယို ကော်ဒွန်က ဆာဂျီယို ရာမို့စ်ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

ဆီဗီလာမှာ နောက်ဆုံးအကြိမ် ကစားခဲ့ပြီး တစ်နှစ်ကျော်အကြာ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မွန်တာရေးအသင်းကနေ ထွက်ခွာလာခဲ့တဲ့ ရာမို့စ်က အသင်းဆီ ပြန်လာဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဂန္ထဝင်ကစားသမားကြီး ရာမို့စ်ဟာ ဆီဗီလာအသင်းပိုင်ရှင်တွေနဲ့ အသင်းကို ဝယ်ယူဖို့အတွက် ဆွေးနွေးနေတဲ့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေသူလည်း ဖြစ်သလို၊ တစ်ဖက်မှာလည်း ကစားသမားတစ်ယောက်အနေနဲ့ အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရဖို့ စိတ်အားထက်သန်နေတာပါ။

ဒါပေမဲ့ ဒီနေ့မနက်မှာတော့ ကော်ဒွန်က "လက်ရှိအချိန်မှာ ဆာဂျီယို ရာမို့စ်ကို ပြန်ခေါ်ဖို့ဆိုတာ လက်တွေ့မကျပါဘူး။ သူက လေ့ကျင့်ခန်းဆင်းနေတာမျိုးလည်း မရှိတဲ့အတွက် နည်းပြ မာသီးယပ်စ် အယ်လ်မေဒါရဲ့ အသင်းမှာ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် သူ့အကြောင်းကို ထည့်သွင်းစဉ်းစားနေဖို့ အကြောင်းမရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

"ဒါဟာ ပြီးဆုံးသွားတဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်တို့က လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ ဆီဗီလာ အက်သလက်တီကို (လူငယ်အသင်း) က ကစားသမားတွေကိုပဲ အဓိက အာရုံစိုက်နေပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

လက်ရှိမှာတော့ ရာမို့စ်ဟာ လီဂူးဝမ်းကလပ် မာဆေးလ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။