
အံ့အားသင့်ဖွယ်အပြောင်းအရွှေ့ပြီးနောက် အမ်ဘာပေ ဥပဒေအသစ်ကို မိတ်ဆက်ပေးတော့မယ့် ရီးရဲလ်မက်ဒရစ်
ပြင်သစ်သားဟာ ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ပြီးနောက် အမ်ဘာပေဥပဒေအသစ်ကို မက်ဒရစ်အသိုက်အဝန်းက မိတ်ဆက်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ လနဲ့ချီပြီး ထွက်ပေါ်နေပြီးနောက် တနင်္လာနေ့မှာတော့ အမ်ဘာပေရဲ့အပြောင်းအရွှေ့ကို တရားဝင် အတည်ပြုခဲ့တာဖြစ်ပါတယ်။
"ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ဟာ လာမယ့် ၅ ရာသီအတွက် အသင်းရဲ့ကစားသမားဖြစ်လာဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်" လို့ ကလပ်က ထုတ်ပြန်ကြေညာထားပါတယ်။ ဆိုရှယ်မီဒီယာမှာ အမ်ဘာပေက "အိပ်မက်တစ်ခု တကယ်ဖြစ်လာပါပြီ။ ကျွန်တော့်အိပ်မက် ရီးရဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ခွင့်ရလို့ အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်" "အခု ကျွန်တော် ဘယ်လောက် စိတ်လှုပ်ရှားနေတယ်ဆိုတာ ဘယ်သူမှ နားမလည်နိုင်ပါဘူး။ မက်ဒရစ်ရေ ခင်များနဲ့တွေ့ဖို့ မစောင့်နိုင်တော့ပါဘူး၊ မယုံနိုင်စရာကောင်းတဲ့ အားပေးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ဟာလာ မက်ဒရစ်!" လို့ ရေးသားထားပါတယ်။
အမ်ဘာပေဟာ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အတည်ပြုလိုက်ပြီးနောက်မှာတော့ စပိန်မြို့တော်က ဥပဒေသစ်ကို ပြဌာန်းနိုင်မယ်လို့ အခိုင်အမာဆိုထားပါတယ်။ စပိန်သတင်းဌာန Mundo Deportivo ရဲ့ဖော်ပြချက်အရ မက်ဒရစ်အသိုက်အဝန်းဟာ စပိန်မြို့တော်တွင် အခြေချနေထိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်တဲ့ နိုင်ငံခြားသားများအတွက် ကိုယ်ပိုင်ဝင်ငွေခွန်အား ဖယ်ရှားပေးမယ့် အမ်ဘာပေဥပဒေကို အတည်ပြုရန် လုပ်ဆောင်နေပါတယ်။
ဒါဟာ ၂၀၀၅ ခုနှစ်တွင် မိတ်ဆက်ခဲ့တဲ့ ဘက်ခမ်းဥပဒေနှင့် ဆင်တူတယ်လို့ ယူဆရပါတယ်။ ထိုဥပဒေတွင် စပိန်သို့ ပြောင်းရွှေ့လာတဲ့ နိုင်ငံခြားသားများကို ဝင်ငွေမခွဲခြားဘဲ ပုံသေကိုယ်ရေးကိုယ်တာ ဝင်ငွေခွန် ၂၄ % ပေးဆောင်စေတဲ့ အခွန်စနစ်ပါရှိပါတယ်။
"မက်ဒရစ်အသိုက်အဝန်းက ဒီဥပဒေသစ်ကို အချိန်အတော်ကြာအောင် လုပ်ဆောင်နေပြီး မက်ဒရစ်ညီလာခံမှာ အတည်ပြုချက်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ" "ဒီအခွန်ဖြတ်တောက်မှုဟာ မြို့တော်မှာ ရင်းနှီးမြှုပ်နှံပြီး အိမ်ဝယ်ယူတဲ့ နိုင်ငံသားဖြစ်စေ နိုင်ငံခြားသားဖြစ်စေ အခွန်ထမ်းအသစ်များအတွက် ဖြစ်ပါတယ်" လို့ သတင်းတွေက ဖော်ပြထားပါတယ်။
သို့သော်လည်း Universitat Rovira i Virgili မှ ဘဏ္ဍာရေးနှင့် အခွန်ဥပဒေ ပါမောက္ခတစ်ဦးက အမ်ဘာပေဥပဒေရဲ့ အတည်ပြုချက်ဟာ ချမ်းသာသူများအတွက် မက်ဒရစ်မြို့ကို အခွန်ကင်းလွတ်စေနိုင်ကြောင်း အခိုင်အမာဆိုထားပါတယ်။