
ဘာစီလိုနာရဲ့နိုင်ပွဲအတွက် ယာမယ်လ်ကိုချီးကျူးလိုက်တဲ့ ရာဖင်ဟာ
ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာက သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုကို ၀-၂ နဲ့အနိုင်ရရှိပြီးနောက် အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ပါရမီရှင်လူငယ်ကစားသမားလေး လာမိုင်းယာမယ်လ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ ရာသီကုန်ဖို့ ၂ ပွဲအလိုမှာပဲ လာလီဂါအမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။သို့သော်လည်း ဘာစီလိုနာဟာ ယခုပွဲစဉ်မှာ အနိုင်ရဖို့ရုန်းကန်ခဲ့ရပြီး ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းရောက်မှသာ ယာမယ်လ်ရဲ့ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာခြေစွမ်းပြနေတဲ့ယာမယ်လ်ဟာ ဒီပွဲမှာလည်း ထိပ်တန်းခြေစွမ်းကို ထပ်မံပြသခဲ့ပြီး အသင်းအတွက်ဦးဆောင်ဂိုးကို ဘယ်ခြေနဲ့ လှလှပပဝေ့ဝိုက်ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင်ဟာ အသင်းအတွက်အနိုင်သေချာစေမယ့်ဂိုးကို ပွဲပြီးကာနီးမှာ အသင်းဖော် ဖာမင်လိုပက်ဇ်အတွက် ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။
ပွဲအပြီးမှာ ရာဖင်ဟာက "ဒီပွဲမှာ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေသိပ်မဖန်တီးနိုင်ခဲ့ပေမယ့် ယာမယ်လ်ရဲ့ ရွှေခြေထောက်နဲ့ အနိုင်ရလဒ်ယူနိုင်ခဲ့ပါတယ်။ သူက ဒီပွဲမှာကျွန်တော့်အတွက်နေရာလွတ်တွေရှာဖွေပေးနိုင်ခဲ့ပြီး တည်တည်ငြိမ်ငြိမ်ပဲကစားခဲ့ပါတယ်"
"ဇန်နဝါရီလမှာတုန်းက လူတွေက ကျွန်တော်တို့ကို တတိယနေရာရဖို့တောင် ရုန်းကန်ရနိုင်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ယုံကြည်မှုအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့ပြီး ဒီယုံကြည်မှုကပဲ အဓိက သော့ချက်ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာလည်း ယုံကြည်ခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်ရာသီ လာလီဂါမှာ ရာဖင်ဟာအနေနဲ့ ၁၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အခုလို ဂိုးတွေသွင်းယူနိုင်ခဲ့ခြင်းက နည်းပြကြီး ဟန်ဆီဖလစ်ရဲ့ယုံကြည်ပေးမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဘရာဇီးလက်ရွေးစင်က "ကျွန်တော့်အတွက် အရေးပါဆုံးအရာက နည်းပြရဲ့ ယုံကြည်မှုပါပဲ။ ရာသီအစမှာကတည်းက သူ ကျွန်တော့်ကို အားကိုးထားခဲ့ပါတယ်။ သူက တစ်သင်းလုံးကို ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်ပါ။ ဒါကပဲ ကျွန်တော့်ကို ပြောင်းလဲစေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရာဖင်ဟာဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဂိုးသွင်းနှုန်း ၃ ဆအထိ တိုးတက်လာခဲ့တာဖြစ်ပြီး ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာလည်း တတိယနေရာမှာရပ်တည်နေပါတယ်။