အသင်းဟောင်း အက်စ်ပန်ညိုနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ခံစားချက်ကို ဖွင့်ဟလာတဲ့ ဂျိုအန်ဂါစီယာ
ဘာစီလိုနာအသင်းရဲ့ ဂိုးသမားဖြစ်သူ ဂျိုအန်ဂါစီယာဟာ Gran Gala Mundo Deportivo အခမ်းအနားမှာ၂၀၂၄-၂၅ ရာသီ လာလီဂါ အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့ပြီးနောက် အသင်းဟောင်း အက်စ်ပန်ညိုနဲ့ပြန်လည်ရင်ဆိုင်ရတဲ့ ခံစားချက်ကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အဆိုပါဆုသည် ဂျွန်ဂါစီယာရဲ့ တစ်ဦးချင်းစွမ်းဆောင်နိုင်မှုတွေကြောင့် ရရှိခဲ့တာဖြစ်ပြီး ကစားသမားဟာ ပြီးခဲ့သည့် လာလီဂါရာသီအတွင်း ဂိုးပေါက်ကာကွယ်မှု ၁၄၆ ကြိမ်အထိ ပြုလုပ်ကာ ပြိုင်ပွဲမှာ အများဆုံး ဂိုးပေါက်ကွယ်မှုပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဂါစီယာဟာ ဂိုးပေးရနိုင်ခြေ ၇.၄ ဂိုးအထိကိုလည်း လက်စွမ်းပြ တားဆီးနိုင်ခဲ့တာကြောင့် အသင်းအတွက် အရေးကြီးတဲ့ အချိန်တိုင်းမှာ အားကိုးထိုက်သူတစ်ဦး ဖြစ်ခဲ့ကြောင်းလည်း သက်သေပြသနိုင်ခဲ့ပါတယ်။ ဂါစီယာဟာ ထူးချွန်သည့် စွမ်းဆောင်ရည်များကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနှင့် မတ်လတွေမှာလည်း လာလီဂါရဲ့ အကောင်းဆုံး ဂိုးပေါက်ကာကွယ်မှုဆုများကို ရရှိခဲ့ပါသေးတယ်။
ဂါစီယာရဲ့ ကစားသမားဘဝမှာ အမှတ်တရအဖြစ်ဆုံး အခန်းကဏ္ဍတစ်ခုကတော့ အသင်းဟောင်း အက်စပန်ညိုရဲ့ အာစီဒီအီး ကွင်းသို့ ပြန်လည်သွားရောက် ကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါပွဲဟာ ပြင်ပဖိအားများနဲ့ စိတ်ခံစားမှုများ ပြင်းထန်နေတဲ့ အခြေအနေဖြစ်ခဲ့သော်လည်း ဂါစီယာတစ်ယောက် စိတ်အေးအေးထားကာ အသင်းဟောင်းကို ရင်ဆိုင်နိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်နဲ့ ပတ်သက်ပြီး ဂါစီယာက "အက်စပန်ညိုနဲ့ ပွဲမှာ ကျွန်တော် သိပ်ပြီး မထိတ်လန့်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ တခြားပွဲတွေနဲ့ မတူဘဲ ထူးခြားတဲ့ ခံစားချက်မျိုးပါပဲ" လို့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး ကစားသမားကက "အခုရာသီမှာ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ပြိုင်ပွဲအရပ်ရပ်မှာလည်း ဆက်လက် ပါဝင်နေဆဲဖြစ်လို့ ဒါက အရေးကြီးဆုံးအချက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဆုပေးပွဲ အခမ်းအနားမှာ ဂျွန်ဂါစီယာဟာ ဂိုးဖမ်းရမည့်အစား ဂျော်ဒီ ဘတ်စတေးနဲ့အတူ ပင်နယ်တီ ကန်သွင်းရန် ဖိတ်ခေါ်ခြင်း ခံခဲ့ရသည့် ပျော်စရာ အခိုက်အတန့်လေးလည်း ရှိခဲ့သည်။သူ ကန်သွင်းလိုက်တဲ့ ဘောလုံးမှာ ဂိုးပေါက်တည့်ခဲ့သော်လည်း ဂိုးမဝင်ခဲ့တဲ့အပေါ် ဂျွန်ဂါစီယာက ရယ်ရယ်မောမောဖြင့်သာ တုံ့ပြန်ခဲ့ပါတယ်။
ပင်နယ်တီ ကန်သွင်းခြင်းကို ဘာကြောင့် မနှစ်သက်တာလဲဆိုတဲ့ အချက်ကိုလည်း ဂါစီယာက အတိတ်မှ အမှတ်တရတွေနဲ့အတူ ပြန်လည် ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော် ငယ်ငယ်လေးတုန်းက ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော့်အတွက် မဟုတ်ခဲ့ပါဘူး။ အသက် ၆ နှစ်လောက်မှာ ဂိုးသမား စလုပ်ခဲ့တာပါ။ ဒါကြောင့် ပင်နယ်တီကိုတော့ တကယ် တတ်ကျွမ်းတဲ့သူတွေကိုပဲ ကန်ခိုင်းတာ ပိုကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။