စပိန်ပရိသတ်တွေရဲ့ အစ္စလာမ်ဆန့်ကျင်ရေး အော်ဟစ်မှုတွေအပေါ် "လူမျိုးရေးခွဲခြားတဲ့ အသိဉာဏ်မဲ့သူတွေ" လို့ ဘာစီလိုနာကြယ်ပွင့် ယာမယ်လ် တုံ့ပြန်
စပိန်နဲ့ အီဂျစ်တို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ထွက်ပေါ်လာခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်သံတွေနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား လာမင်း ယာမယ်လ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ညက အီဂျစ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပရိသတ်တွေက အစ္စလာမ်ဘာသာအပေါ် ဆန့်ကျင်တဲ့ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ် ဒီလာဖွန်တေးက အခုလို "လူမျိုးခြားတွေကို ကြောက်ရွံ့မုန်းတီးတာ ဒါမှမဟုတ် လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ" ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
ပွဲကစားချိန် ပထမပိုင်းအပြီး အနားယူချိန်နဲ့ ဒုတိယပိုင်းတွေမှာလည်း အားကစားကွင်းအတွင်းက အသံချဲ့စက်တွေကတစ်ဆင့် အခုလို အော်ဟစ်မှုတွေ မပြုလုပ်ကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ရပါတယ်။
ကွင်းအတွင်းက screen ပေါ်မှာလည်း "အားကစားပြိုင်ပွဲတွေမှာ အကြမ်းဖက်မှုကို တားဆီးဖို့အတွက် အကြမ်းဖက်တာ၊ လူမျိုးခြားတွေကို မုန်းတီးတာ၊ လိင်စိတ်ခံယူမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာ ဒါမှမဟုတ် လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေမှာ ပါဝင်တာကို ဥပဒေအရ တားမြစ်ထားသလို အပြစ်ပေးခံရမှာ ဖြစ်တယ်လို့ သတိပေးအပ်ပါတယ်" ဆိုတဲ့ စာသားကို ပြသခဲ့ပါတယ်။
အခုအခါမှာတော့ ယာမယ်လ်က သူ့ရဲ့ Instagram ကတစ်ဆင့် အဆိုပါ အော်ဟစ်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်လိုက်ကာ သူ့ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ အပြန်အလှန် လေးစားမှုရဲ့ အရေးပါပုံကို ပရိသတ်တွေကို သတိပေးပြောကြားခဲ့ပါတယ်။
"ကျွန်တော်က မွတ်စလင်တစ်ယောက်ပါ၊ အလ်ဟမ်ဒူလိလ္လာဟ် (Alhamdulillah) ပါ။ မနေ့က ကွင်းထဲမှာ 'မခုန်တဲ့သူဟာ မွတ်စလင်' ဆိုတဲ့ အော်ဟစ်သံတွေကို ကြားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်အသင်းရဲ့ ပြိုင်ဘက်ကို ရည်ရွယ်ပြီး အော်ဟစ်ခဲ့တာဖြစ်လို့ ကျွန်တော့်ကို တိုက်ရိုက်ပစ်မှတ်ထားတာ မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ မွတ်စလင်တစ်ယောက်အနေနဲ့တော့ ဒါဟာ မရိုသေရာ ရောက်သလို သည်းခံနိုင်စရာလည်း မဟုတ်ပါဘူး" လို့ ယာမယ်လ်က ဆိုပါတယ်။
"အားပေးသူ ပရိသတ်တိုင်း အခုလိုမျိုး မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီလို အော်ဟစ်နေကြတဲ့သူတွေကို ပြောချင်တာကတော့ ဘာသာရေးတစ်ခုကို ကွင်းထဲမှာ လှောင်ပြောင်စရာတစ်ခုလို အသုံးချတာဟာ ခင်ဗျားတို့ကို အသိဉာဏ်မဲ့သူတွေနဲ့ လူမျိုးရေးခွဲခြားသူတွေ ဖြစ်မှန်း သိသာစေပါတယ်။ ဘောလုံးဆိုတာ ပျော်ရွှင်ဖို့နဲ့ အားပေးဖို့အတွက်ပဲ ဖြစ်သင့်ပြီး လူတစ်ယောက်ရဲ့ ပင်ကိုယ်ဖြစ်တည်မှု ဒါမှမဟုတ် သူတို့ရဲ့ ယုံကြည်ချက်တွေအပေါ် မရိုမသေလုပ်ဖို့ မဟုတ်ပါဘူး" လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
"ဒါတွေအပြင် ကျွန်တော်တို့ကို လာရောက်အားပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာ့ဖလားမှာ ပြန်တွေ့ကြတာပေါ့" လို့ ၎င်းက ဆိုပါတယ်။
အီဂျစ်နိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ မွတ်စလင်တွေဖြစ်ပြီး အဲဒီညက အော်ဟစ်မှုတွေဟာ ပြိုင်ဘက်အသင်းကို ရည်ရွယ်ခဲ့တာ ဖြစ်ပေမဲ့ စပိန်အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဟာလည်း ဒီဘာသာဝင်တစ်ဦး ဖြစ်နေတယ်ဆိုတာကို စပိန်ပရိသတ်အများအပြား မေ့လျော့နေခဲ့ကြပုံရပါတယ်။
ရှေ့လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းဟာ အုပ်စု (H) မှာ ကိပ်ဗာဒီ၊ ဆော်ဒီအာရေးဗီးယား၊ ဥရုဂွေးတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အီဂျစ်အသင်းကတော့ အုပ်စု (G) မှာ ဘယ်လ်ဂျီယံ၊ နယူးဇီလန်၊ အီရန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။