The network connection is lost.

Banner Image

ယူနိုက်တက်က ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းမယ်ဆိုတဲ့ ကောလာဟလတွေအပေါ် ဘာစီလိုနာကြယ်ပွင့် ဖာမင် တုံ့ပြန်

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖာမင်လိုပက်ဇ်က သူဟာ လက်ရှိကလပ်မှာပဲ ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီတိုက်စစ်ကွင်းလယ်လူကို ပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့ကာလ နှစ်ခုစလုံးမှာ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့က အကြီးအကျယ် ချဉ်းကပ်ခဲ့ကြပေမဲ့ သူကတော့ အသင်းမှာပဲ ဆက်နေဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာတော့ ဖာမင်ဟာ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ခုကို ဆုလာဘ်အဖြစ် ချုပ်ဆိုခွင့် ရရှိခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားက Cataluyna Radio ကို ပြောကြားရာမှာ "အခြေအနေတွေက နည်းနည်းတော့ ရှုပ်ထွေးခဲ့ပါတယ်၊ ဖိအားတွေ အများကြီး ခံစားခဲ့ရပေမဲ့ ကျွန်တော် ဘယ်တုန်းကမှ စိတ်ဓာတ်မယိမ်းယိုင်ခဲ့ပါဘူး။ အဲ့ဒီတုန်းက ဘာမှ ထုတ်ဖော်ပြောဆိုလို့ မရခဲ့တာပါ" လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ El Chiringuito သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဖာမင်အတွက် ယူရိုသန်း ၁၀၀ ပေးချေဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

"ဘာဆာက ကျွန်တော့်စာချုပ်ကို သက်တမ်းတိုးပေးခဲ့လို့ အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘက်က ပြောရရင်တော့ ဒီမှာပဲ ထာဝရ ရှိနေချင်တာပါ" လို့ သူက ဆက်ပြောပါတယ်။

"အမှန်အတိုင်းပြောရရင် ကျွန်တော့်ကိုယ်ကျွန်တော် ဒီအသင်းမှာပဲ ဆက်ရှိနေမယ်လို့ မြင်ယောင်ထားပါတယ်။ ရာသီကုန်ဖို့ နည်းနည်းတော့ ကျန်သေးပေမဲ့ အခု လက်ရွေးစင်အသင်းနဲ့အတူ ရှိနေရတာကို တကယ်ပဲ ပျော်ရွှင်မိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ထားပါတယ်" လို့ ဖာမင်က ဆိုပါတယ်။