တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက ပြိုင်ဘက်အာဆင်နယ်နည်းပြ အာတီတာကို ကျော်ဖြတ်ကာ 2024 London Football Awards ဆုပေးပွဲရဲ့တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ ဆဲလ်တစ်မှ မြောက်လန်ဒန်အရပ်ဆီ ရောက်ရှိလာပြီးနောက် တော့တင်ဟမ်အသင်းရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အပေါ်ကူညီပေးနိုင်ခဲ့တဲ့ ပိုစတီကိုဂလူကို အခုလိုနှစ်စဉ်အခမ်းအနားတစ်ခုမှာ ဂုဏ်ပြုပေးခဲ့ကြပါတယ်။ သြစတြေးလျသားနည်းပြက အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမား ဟယ်ရီကိန်း ထွက်ခွာသွားမှုကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပြီး တော့တင်ဟမ်ကို လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၅ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။
တော့တင်ဟမ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရလဒ်ပိုင်းတွေ ယိမ်းယိုင်ကာ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီးနောက် အခုဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်။ နည်းပြအာတီတာလက်အောက် အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းထက် နှစ်ရာသီဆက် ပါဝင်ခွင့်ရရှိနေပေမယ့် ပိုစတီကိုဂလူကိုပဲ အခုလိုဂုဏ်ပြုပေးခဲ့ကြတာပါ။
လက်ရှိမှာ ဂန်းနားတွေက အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ နှစ်မှတ်အကွာ၊ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ တစ်မှတ်အကွာ အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နေပါတယ်။ ယမန်နှစ်ဘောလုံးရာသီမှာတော့ အမှတ်ပေးဇယားဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ အာတီတာကို အခုလိုဂုဏ်ပြုမှုမျိုး ချီးမြှင့်ခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့နွေရာသီ၊ ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းဖြင့် အာဆင်နယ်ဆီ ရောက်ရှိလာတဲ့ ဒီကလန်ရိုက်စ်ကိုလည်း London Football Awards ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ဦးဆောင်ပေးခဲ့ပြီးနောက် ဒီကလန်ရိုက်စ်ရဲ့စွမ်းဆောင်ရည်တွေအတွက် အခုလိုဂုဏ်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။
အခုဆုအတွက် ရိုက်စ်က ဝက်စ်ဟမ်းအသင်းဖော်ဟောင်းဘိုဝင်၊ တော့တင်ဟမ်ကစားသမားတွေ ဖြစ်တဲ့ ဗီကာရီယိုနဲ့ ပက်ဒရိုပေါ်ရို၊ ဂန်းနားအသင်းဖော်ဆာလီဘာတို့ကို ကျော်ဖြတ်ခဲ့ရပါတယ်။ မန်စီးတီးမှ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ချဲလ်ဆီးမှာအထူးခြေစွမ်းပြနေတဲ့ ကိုလ်ပယ်လ်မာကလည်း တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။
သူက အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ အသင်းအတွက် ၃၄ ပွဲကစား၊ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ကိုးကြိမ် စွမ်းဆောင်ပေးထားပါတယ်။ ချဲလ်ဆီးဂန္တဝင်နဲ့ နည်းပြဟောင်း လမ်းပတ်က အသက်-၂၁ နှစ်အရွယ်ကစားသမားကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။
တော့တင်ဟမ်ဂိုးသမားဗီကာရီယိုကလည်း ဝက်စ်ဟမ်းရဲ့ အာရီယိုလာ၊ ဖူလ်ဟမ်ရဲ့ လီနို၊ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဆမ်ဂျွန်စတုန်းစ်တို့ကို ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။