စတိဗ်ကလပ်ခ်ရဲ့နေရာမှာ စကော့တလန်နည်းပြသစ်ဖြစ်လာဖို့ ပိုစတီကိုဂလူ ရေပန်းစားနေ
တော့တင်ဟမ်နဲ့ နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်း အန်ဂျီ ပိုစတီကိုဂလူးက စတိဗ်ကလပ်ခ်ရဲ့ နေရာကို အစားထိုးဝင်ရောက်ပြီး စကော့တလန်အသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးသူတစ်ဦး ဖြစ်လာပါတယ်။
အသက် ၆၂ နှစ်အရွယ်ကလပ်ခ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှ စကော့တလန်အသင်း ထွက်ခွာခဲ့ရပြီးနောက် သူ့ရဲ့ခုနစ်နှစ်ကြာဖြတ်သန်းမှုကို အဆုံးသတ်ပြီး အသင်းနည်းပြရာထူးမှ နုတ်ထွက်သွားပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ ဆဲလ်တစ်၊ တော့တင်ဟမ်နဲ့ နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်းပိုစတီကိုဂလူက အသင်းကိုလွှဲပြောင်းရယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
အသက် ၆၀ နှစ်အရွယ်နည်းပြက နော်တင်ဟမ်ဖောရက်စ်မှာ ရှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ စိတ်ပျက်စရာဖြတ်သန်းမှုအပြီး တစ်လကျော်အကြာ အသင်းမှထွက်ခွာလာခဲ့ကာ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။
ပိုစတီကိုဂလူက လက်ရှိအဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်၊ စတီဗင်နေးစမစ်နဲ့ ရိန်းဂျားကွင်းလယ်လူဟောင်းဘယ်ရီဖာဂူဆန်တို့နဲ့အပြိုင် ပြင်းထန်တဲ့စိန်ခေါ်မှုကို ရင်ဆိုင်သွားရပါမယ်။