ပရီးမီးယားလိဂ်သွင်းဂိုးစံချိန် ချိုးဖျက်မယ့် အလားအလာကို မပစ်ပယ်ထားဘူးလို့ ဟယ်ရီကိန်း ပြောဆို
ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုး လက်မှတ်ရေးထိုးထားပေမဲ့ အနာဂတ်မှာ ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေရှိဆဲပဲလို့ ဟယ်ရီကိန်းက ရဲရဲဝံ့ဝံ့ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်က အလိုင်းယန့်ဇ်အရီနာမှာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီးနောက် သူ့ရဲ့မွေးရပ်မြေနိုင်ငံဆီ ပြန်လည်ပြောင်းရွှေ့မယ့် သတင်းတွေကို အဆုံးသတ်သွားစေပုံ ရပေမဲ့ ဒါက ရာနှုန်းပြည့်မသေချာသေးတဲ့ အနေအထားသာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးက တော့တင်ဟမ်မှာ အတူရှိခဲ့ချိန် သူ့ရဲ့ကစားသမားဘဝအပေါ် အဓိကအကျိုးသက်ရောက်စေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြသစ် ပိုချက်တီနိုကိုလည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။
လက်ရှိမှာ သူက ပရီးမီးယားလိဂ် ၂၁၃ ဂိုးဖြင့် အလန်ရှီးယားရဲ့ ဂိုး ၂၆၀ ဆိုတဲ့ စံချိန်နောက် ဒုတိယနေရာမှာ ရပ်တည်နေပေမဲ့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်ဖို့လည်း မျက်စိကျနေပြန်ပါတယ်။
ကိန်းက "လောလောဆယ် ကျွန်တော့်ရဲ့အာရုံစိုက်မှုက ဘိုင်ယန်မြူးနစ်အပေါ်မှာပဲ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ အသင်းနဲ့ အံ့သြဖွယ် နည်းပြတစ်ဦး ရှိနေသလို ကျွန်တော် ဒီမှာ အရမ်းပျော်ရွှင်ပါတယ်။ ဘိုင်ယန်မှာရယူရဦးမယ့် ပန်းတိုင်တွေ အများကြီး ရှိနေသေးပြီး အသစ်အသစ်သောအရာတွေကို အောင်မြင်အောင် လုပ်ဆောင်ချင်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးချင်တယ်၊ ဘွန်ဒက်စ်လီဂါကို ဆက်လက်စိုးမိုးချင်သလို ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့ ဆုဖလားတွေကိုလည်း ကာကွယ်ချင်ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော့်ရဲ့ကစားသမားဘဝနဲ့ ဘဝခရီးတစ်လျှောက်မှာ အရာအားလုံးကို ကိုယ်တိုင် အမြဲတမ်း မထိန်းချုပ်နိုင်ဘူးဆိုတာ သင်ယူခဲ့ရပါတယ်။ တစ်ခါတလေကျရင် အခြေအနေတွေကို သူ့သဘာဝအတိုင်း စီးမျောသွားစေရုံ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အလုပ်ကြိုးစားနေရုံပါပဲ။ အဲဒါက လက်ရှိမှာ ကျွန်တော့်ရဲ့ ထိပ်တန်းဦးစားပေးကိစ္စ ဖြစ်ပါတယ်"
"အချိန်တစ်ခုရောက်ရင် ပရီးမီးယားလိဂ်ရဲ့သမိုင်းတစ်လျှောက်သွင်းဂိုးစံချိန်ကို ချိုးဖျက်ဖို့ အလားအလာကိုတော့ ကျွန်တော် ဘယ်တော့မှ မပစ်ထားပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒါက ကျွန်တော့်ရဲ့အဓိကအာရုံစိုက်မှု မဖြစ်လာသေးပါဘူး" လို့ ဆိုပါတယ်။