အာဆင်နယ်အတွက် ခြေစွမ်းပြသနေတဲ့ မာဒူကီကို စံပြကစားသမားလို့ အာတီတာ ချီးကျူး
ဟားလ်စီးတီးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို အမှတ်ဖြတ်ဦးဆောင်ထားတဲ့ အာဆင်နယ်အတွက် မာဒူကီရဲ့ကြိုးစားအားထုတ်မှုတွေကို အာတီတာက ချီးကျူးပြောဆိုလိုက်ပါတယ်။
လတ်တလောသီတင်းပတ်တွေအတွင်း ဆာကာရဲ့ဒဏ်ရာပြဿနာကြောင့် မာဒူကီ ပွဲထွက်ခွင့်ရရှိနေပြီး ဟားလ်စီးတီးကိုအနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ အဖိုးတန်အနိုင်ဂိုးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
အင်္ဂလန်ကစားသမားရဲ့ကန်သွင်းချက်ကို ဂိုးသမားဇိုလာကစ် ပုတ်ထုတ်ကာကွယ်ရာမှတဆင့် လျှံကျလာတဲ့ဘောလုံးကို အိုဒီဂတ် အပိုင်အသုံးချပြီး ဂန်းနားတွေအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။
အာတီတာက " မာဒူကီကိုယ်တိုင် မကစားခဲ့ရတဲ့ ပထမဆုံးနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ကာလတွေကြောင့် သူက ကျန်တဲ့ကစားသမားတွေအတွက် အကောင်းဆုံးစံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်"
"သူ ဘာလုပ်ခဲ့သလဲဆိုတော့ အားလပ်ရက်အနားယူမယ့်အစား ပေါ်တူဂီကိုထွက်သွားပြီး သူ့ကို ကူညီလေ့ကျင့်ပေးမယ့်သူတစ်ဦးနဲ့အတူ ကြံ့ခိုင်မှုပိုင်း ပိုကောင်းလာအောင် ပြင်ဆင်ခဲ့သလို ချက်ချင်းဆိုသလို ကစားဟန်အရှိန်အဝါပိုင်း ပြန်ရလာခဲ့ပါတယ်"
"အခုဆိုရင် သူက ယုံကြည်မှု အပြည့်ရှိနေသလို အသစ်အသစ်တွေကို ကြိုးစားလုပ်ဆောင်ပြနေပြီး ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ပြနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့အတူ ပွဲစဉ်တွေအပေါ် အကျိုးသက်ရောက်မှု ဖန်တီးပေးနေလို့ ကျွန်တော်တို့ အရမ်းဝမ်းသာမိပါတယ်" လို့ ပြောပါတယ်။
ဟားလ်စီးတီးနဲ့ပွဲစဉ်မှာ အာဆင်နယ်က ပြိုင်ဘက်ဂိုးပေါက်ဆီ ၂၁ ကြိမ်အထိ ခြိမ်းခြောက်ခဲ့ပေမဲ့ သွင်းဂိုးတစ်ဂိုးတည်းသာ ရရှိခဲ့လို့ ပြိုင်ဘက်အပေါ် အပြီးအပြတ်အဆုံးသတ်နိုင်စွမ်း အားနည်းနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဂန်နားတွေက Clean sheet ခုနစ်ကြိမ်နဲ့အတူ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ကိုးကြိမ်မြောက်အနိုင်ရလဒ်ကို ရယူခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အာတီတာရဲ့အသင်းက လိဂ်ငါးပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်ထားပါတယ်။
အာတီတာက "ကျွန်တော့်ရဲ့ကစားသမားတွေကို ချီးကျူးရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်။ ဒီနေ့မှာတင်မဟုတ်ဘဲ နိုင်ငံတကာသီတင်းပတ်အပြီးကတည်းက ပွဲစဉ်တွေကြားထဲ သူတို့ စွမ်းဆောင်ပြခဲ့မှုတွေဆိုတာ တကယ်ကို အံ့အားသင့်စရာကောင်းပါတယ်"
"ကျွန်တော်တို့ အခွင့်အရေးတွေ ဆက်တိုက်ဖန်တီးနိုင်ခဲ့ပေမဲ့ နောက်ဆုံးပေးပို့မှုတွေမှာ လွဲချော်တာ သို့မဟုတ် နောက်ဆုံးကန်ချက်တွေ ပိတ်ဆို့ခံခဲ့ရတာတွေ ရှိခဲ့ပါတယ်"
"တကယ်လို့ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ပွဲပြီးတဲ့အထိ သွားရပါလိမ့်မယ်။ ဒါပေမဲ့ တချိန်ချိန်တော့ ဂိုးရလာလိမ့်မယ်လို့လည်း ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ပြောခဲ့ကြပါတယ်"
"ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ အခိုက်အတန့်တချို့ရှိခဲ့ပြီး ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေကို သွင်းဂိုးတွေအဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ တိုးတက်အောင် လုပ်ဆောင်ရမယ့် အချက်ပါပဲ" လို့ ဆိုပါတယ်။