ဂရေမီဆောင်းနက်စ်ရဲ့ဝေဖန်မှုတွေကို ပြန်လည်တုံပြန်လာတဲ့ ဒီကလန်ရိုက်စ်
ခိုကပ်ကစားနေတယ်ဆိုတဲ့ ဝါရင့်ဘောလုံးသုံးသပ်သူရဲ့ စွပ်စွဲပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အာဆင်နယ်နဲ့ အင်္ဂလန်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဂရေမီဆောင်းနက်စ်ကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
လီဗာပူးဂန္ထဝင်ဟောင်းဆောင်းနက်စ်က ဒီကလန်ရိုက်စ်ကို အာဆင်နယ်ရဲ့ခံစစ်ပိုင်းမှာ နောက်ခံလူတွေနဲ့အတူ အချိန်တွေ အလွန်ကုန်ဆုံးလွန်းနေတယ်လို့ မကြာသေးမီကပဲ ပြောဆိုခဲ့ပါတယ်။
Liverpool Echo သတင်းစာရဲ့ဖော်ပြချက်အရ ဆောင်းနက်စ်က "ဒီကလန်ရိုက်စ်ကို ဗဟိုနောက်ခံလူတစ်ဦး ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အဲဒီနောက်တန်းမှာပဲ အချိန်ပြည့် ရှိနေတာပါ။ ဒါ ခိုကပ်ကစားနေတာပါပဲ။ အဖိုးကြီးတစ်ဦး ကွင်းလယ်မှာ ကစားတဲ့ ပုံစံမျိုးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
အခုတော့ ဒီကလန်ရိုက်စ်က အာဆင်နယ်ဆီ ရောက်ရှိလာပြီးနောက် ၁၇၃ ပွဲကစား၊ ၂၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃၆ ကြိမ် ပြုလုပ်ထားတဲ့ သူ့ရဲ့ကိန်းဂဏန်းအချက်အလက်တွေကို ထောက်ပြရင်း ဆောင်းနက်စ်ကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ဒီကလန်ရိုက်စ်က "ဗဟိုနောက်ခံလူတစ်ဦးအဖြစ်ဆိုရင်တော့ ကျွန်တော့်ရဲ့ကိန်းဂဏန်းအချက်အလက်တွေ မဆိုးလှဘူးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။
"အာဆင်နယ်ဆီ ရောက်လာပြီးကတည်းက ကျွန်တော့်ရဲ့ကိန်းဂဏန်းတွေက အလိုလို သက်သေပြပေးနေပါတယ်။ ကျွန်တော့်မှာ ဂိုးဖန်တီးမှုတွေ အများကြီး၊ သွင်းဂိုးတွေ အများကြီး ရှိခဲ့တယ်လို့ ထင်သလို အဲဒီလိုကိန်းဂဏန်းတွေ ရရှိထားတဲ့ ထိပ်တန်းဗဟိုနောက်ခံလူတစ်ဦး ဖြစ်ရတာကို ကျွန်တော် ကျေနပ်မိပါတယ်။ ကြည့်ပါ၊ ဆောင်းနက်စ်ဆီမှာလည်း သူ့ရဲ့ အမြင်သဘောထား ရှိတာပေါ့"
"ရိုးရိုးသားသားပြောရရင် ကျွန်တော် ဝက်စ်ဟမ်းမှာကတည်းက သူ့မှာ ဒီလိုအမြင်မျိုး ရှိနေခဲ့တာလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါ သဘာဝပါပဲ။ ကစားသမားဟောင်းတစ်ဦးဖြစ်လာချိန် တစ်ခုခုအပေါ်မှာ ကိုယ်ပိုင်အမြင်သဘောထား ရှိနေပါလိမ့်မယ်" လို့ ဆိုပါတယ်။