The network connection is lost.

Banner Image

ဇာဗီနဲ့ လက်တွဲခွင့်ရရှိမှုအတွက် ဝမ်းမြောက်နေပြီး ဒဏ်ရာသက်သာမှု အခြေအနေကို ရှင်းပြလာတဲ့ ဇာဗီဆိုင်မွန်စ်

တော့တင်ဟမ်ကွင်းလယ်ကစားသမားဇာဗီဆိုင်မွန်က ကြာသပတေးနေ့မှာ ဒတ်ချ်လက်ရွေးစင်အသင်းဆီ သွားရောက်လည်ပတ်ချိန် သူ့ရဲ့အပြုသဘောဆောင်တဲ့ ပြန်လည်ထူထောင်ရေးအခြေအနေကို မျှဝေပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကွင်းလယ်လူက ဧပြီလအတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့လို့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ ဆိုင်မွန်စ်က ကြာသပတေးနေ့မှာ နယ်သာလန်လက်ရွေးစင်အသင်းဆီ သွားရောက်လည်ပတ်ခဲ့ပြီး ဒဏ်ရာသက်သာလာမှုအခြေအနေကို ရှင်းပြခဲ့ပါတယ်။

ဆိုင်မွန်စ်က "အရာအားလုံး အဆင်ပြေချောမွေ့နေပါတယ်။ ကျွန်တော် နေကောင်းသလို နေ့တိုင်း ပိုမိုကြံ့ခိုင်လာပြီး ကွင်းတွင်းပြန်ဝင်ဖို့ နီးစပ်လာပါပြီ"

"ဒါက ကျွန်တော့်ရဲ့ပထမဆုံးပြင်းထန်ဒဏ်ရာဖြစ်လို့ အခုလိုသက်သာလာမှုအတွက် အရမ်းဝမ်းသာမိပါတယ်။ ခက်ခဲတဲ့အချိန်ကာလလည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့်နှစ် ဖြစ်သလို ပြိုင်ပွဲနဲ့လည်း အလွန်နီးကပ်နေချိန်ပါ။ ဒါပေမဲ့ ပြီးတာတွေလည်း ပြီးသွားပြီဖြစ်လို့ လက်ခံလိုက်ရုံပဲ ကျန်ပါတော့တယ်။ အရင်ထက်ပိုကောင်းပြီး ပိုမိုကြံ့ခိုင်တဲ့ပုံစံနဲ့ ပြန်လာနိုင်ဖို့ဆိုတာ ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတယ်" လို့ ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်းရှုံးထွက်အဆင့်မှာတင် နယ်သာလန်အသင်း ထွက်ခွာလာရပြီးနောက် သိပ်မကြာခင်မှာပဲ နည်းပြရော်နယ်ကိုးလ်မန်း ရာထူးမှ နုတ်ထွက်သွားပါတယ်။ သူ့ရဲ့နေရာမှာ ဘာစီလိုနာဂန္တဝင် ဇာဗီဟာနန်ဒက်ဇ်ကို အစားထိုးခဲ့ပြီး ဒါက ဆိုင်မွန်စ်အတွက်တော့ ထူးခြားတဲ့အဓိပ္ပါယ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ်မှာတင် ဘာစီလိုနာဆီ ရောက်ရှိခဲ့တဲ့ ဆိုင်မွန်စ်က "ဒီလို အတွေ့အကြုံမျိုး ရရှိတယ်ဆိုတာ အိပ်မက်တစ်ခုပါပဲ။ ကျွန်တော့်နာမည်ကို သူ့ကို အစွဲပြုပြီး ပေးခဲ့တာပါ။ ကျွန်တော့်အမေက ဇာဗီဟာနန်ဒက်ဇ်ကို တီဗွီထဲမှာ မြင်ဖူးပြီး 'အင်း... ငါ့သားလေးကိုလည်း ဇာဗီလို့ပဲ နာမည်ပေးမယ်' ဆိုပြီး တွေးခဲ့တာပါ။ ဒါ တကယ်ကို ထူးခြားပါတယ်" 

"သူနဲ့ ကျွန်တော်တို့ စတွေ့တုန်းက ကျွန်တော် ၉ နှစ်၊ ၁၀ နှစ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော့်အမေက သူ့ကို အဲဒီအကြောင်း ပြောပြခဲ့ပြီး အဲဒီအချိန်ကတည်းက ကျွန်တော်တို့ အဆက်အသွယ် ရှိခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ သူက လက်ရွေးစင်နည်းပြ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် စပိန်မှာကြီးပြင်းခဲ့သလို သူကစားခဲ့တဲ့ကလပ်မှာပဲ ကျွန်တော်ကစားခဲ့လို့ သူ့ကို အမြဲတမ်း အားကျလေးစားခဲ့ရပါတယ်" လို့ ပြောပါတယ်။

လတ်တလောမှာ နယ်သာလန်က သောကြာနေ့၊ အမ်စတာဒမ်မှာရင်ဆိုင်ရမယ့် ဂရိနဲ့ ပြိုင်ဘက်ကြီးဂျာမနီတို့ကို ကျော်ဖြတ်ကာ နေးရှင်းလိဂ်အုပ်စု(A2) ကို ဦးဆောင်နေပြီး ကွာတားဖိုင်နယ်တက်ရောက်ဖို့ အခြေအနေကောင်းနေပါတယ်။

ဒတ်ချ်တွေအတွက် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဆုဖလားလက်မဲ့ဘ၀ ဖြတ်သန်းခဲ့ရပေမဲ့ ဇာဗီရဲ့လက်အောက်မှာ အဲဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုင်မွန်စ်က ပြောပါတယ်။

"လက်ရှိမှာ ကျွန်တော်တို့အားလုံးအတွက် ပန်းတိုင်တစ်ခုတည်းသာ ရှိပြီး အဲဒါကတော့ နယ်သာလန်နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးဖို့ပါပဲ" လို့ ဆိုပါတယ်။