ပယ်လ်မာရဲ့ အင်္ဂလန်အပေါ် သစ္စာစောင့်သိမှုကို မေးခွန်းထုတ်ဝေဖန်နေသူတွေဆီ မော်ဂန်ရော်ဂျာစ် ပြန်လည်တုံ့ပြန်
အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ပတ်သက်လို့ ကိုးလ်ပယ်လ်မာရဲ့စိတ်ပိုင်းဖြတ်မှု အားနည်းလွန်းတယ်ဆိုတဲ့ ပြောဆိုချက်တွေကို မော်ဂန်ရော်ဂျာစ်က ပယ်ချလိုက်ပြီး ချဲလ်ဆီးအသင်းဖော်အပေါ် ဝေဖန်မှုတွေကို မုသားနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေလို့ သတ်မှတ်လိုက်ပါတယ်။
ခရိုအေးရှားကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့နေးရှင်းလိဂ်ပွဲစဉ်မှာ ရော်ဂျာစ်က အင်္ဂလန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အင်္ဂလန်နည်းပြတူချယ်ကတော့ ပယ်လ်မာအတွက် ခြေစွမ်းပြသဖို့ အခွင့်အရေး အကန့်အသတ်ရှိနေမှုကို စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုပြီးနောက် အသင်းလူစာရင်းမှ ချဲလ်ဆီးကြယ်ပွင့်ကို ဖယ်ထုတ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာလည်း မပါဝင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားက စက်တင်ဘာစခန်းသွင်းလေ့ကျင့်မှုအစီအစဉ်မှာလည်း ဒဏ်ရာပြဿနာနဲ့အတူ နုတ်ထွက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ရော်ဂျာစ်က သူ့ရဲ့ငယ်သူငယ်ချင်းကို ချက်ချင်းကာကွယ်ပြောဆိုခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ပယ်လ်မာရဲ့စိတ်ပိုင်းဖြတ်မှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါတယ်။
BBC Radio 5 Live နဲ့တွေ့ဆုံချိန် ရော်ဂျာစ်က "ပယ်လ်မာကိုယ်တိုင်လည်း ဒီမှာ ရှိနေချင်ပါတယ်" လို့ ပြောပါတယ်။
"အသင်းမှာ သူ အမြဲတမ်းပါဝင်ချင်ခဲ့သလို နိုင်ငံကိုလည်း ကိုယ်စားပြုချင်ခဲ့ပါတယ်"
"ပြီးခဲ့တဲ့နှစ်၊ ဒဏ်ရာတွေကြောင့် သူ စိတ်ဓာတ်ပိုင်း တော်တော်လေး ကျဆင်းခဲ့ပြီး ကွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့်ပုံစံကောင်းရတယ်လို့ မခံစားခဲ့ရပါဘူး။ ဒါကြောင့် သူ ဒီမှာ ရှိနေချင်သလို သူ့ရဲ့ အကောင်းဆုံးပုံစံကိုလည်း ပြသချင်ပါတယ်"
"ဒါပေမဲ့ သူက သူ့ရဲ့ခန္ဓာကိုယ်အခြေအနေကိုလည်း ကြည့်ရပါဦးမယ်။ သူက ၁၀ နှစ်၊ ၁၅ နှစ်လောက် ဆက်ကစားချင်လို့ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းညှိရပါမယ်။ ရေရှည်အကျိုးအတွက် ကာလတိုမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းညှိရမယ်ဆိုရင် သူ အဲဒီလို လုပ်သွားဖို့ လိုအပ်သလို ဒါကိုလည်း အပြည့်အဝ ထောက်ခံပေးရပါမယ်"
"ဒါက အင်္ဂလန်နဲ့ ဘာမှမဆိုင်သလို အင်္ဂလန်အတွက် မကစားချင်တာမျိုးလည်း မဟုတ်ပါဘူး။ အင်္ဂလန်အတွက် ကစားချင်နေတဲ့ လူတစ်ဦးအပေါ် မေးခွန်းထုတ်နေကြတယ်ဆိုတာ အဓိပ္ပါယ်မရှိလှပါဘူး။ ဒါက အလိမ်အညာသက်သက်ပါပဲ"
"သူ့မျက်နှာပေါ် ပျော်ရွှင်မှုတွေနဲ့ အပြုံးတွေအပြင် ဒီအားကစားကို သူ ဘယ်လောက်တောင် ချစ်သလဲဆိုတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးသားသား ပြောရရင် လူတွေ ဘာကြောင့် အဲဒီလိုပြောနေကြလဲဆိုတာ ကျွန်တော် နားမလည်နိုင်သလို သူကိုယ်တိုင်လည်း နားမလည်နိုင်ပါဘူး" လို့ ဆိုပါတယ်။