The network connection is lost.

Banner Image

ယူရိုပါလိဂ် ဆုဖလား အောင်ပွဲခံပွဲမှုအတွင်း တော့တင်ဟမ်ရဲ့ အနာဂတ်အတွက် အရိပ်အမြွက် ပြောကြားလိုက်တဲ့ အန်ဂီ ပိုစတီကိုဂလူ

တော့တင်ဟမ်ဟော့စပါးကွင်းရှေ့မှာ ပိုစတီကိုဂလူက ယူရိုပါလိဂ်ဖလားကို ကိုင်ဆောင်ကာ ဘတ်စ်ကားပေါ်တွင် ကစားသမားများကို တစ်ချက်ကြည့်ရှုကာ လမ်းဘေးတွင် တန်းစီစောင့်ဆိုင်းနေတဲ့ ပရိသတ် ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ပိုစတီကိုဂလူက အသင်းပရိသတ်များကို "ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်၊ သူတို့က ရယ်ပါတယ်။ ကျွန်တော် ပြောပြခဲ့တယ် သူတို့က မယုံခဲ့ကြပါဘူး ဒါပေမဲ့ ဒီမှာ ကျွန်တော်တို့ ရှိနေပါပြီ"

"ဒီလို မယုံနိုင်လောက်စရာ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပီတိဖြစ်ဖွယ် သူရဲကောင်းတွေရဲ့ အုပ်စုကြောင့် ကျွန်တော်တို့ ဒီမှာ ရောက်နေတာပါ။ ဂန္ထဝင် ဆွန်ဟောင်မင်၊ ကူတီ ရိုမဲရို၊ ဂျိမ်းစ် မက်ဒီဆင်နဲ့ ဂီလီယာမို ဗီကာရီယိုတို့က ဦးဆောင်ခဲ့ပါတယ်""သူတို့ အားလုံးက သူရဲကောင်းတွေဖြစ်ပြီး သူတို့ အားလုံး ခင်ဗျားတို့အတွက် လုပ်ခဲ့တာပါ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ဒါကို ထိုက်တန်လို့ပါ၊ ကလပ်က ထိုက်တန်လို့ပါ"

"ကျွန်တော် ခင်ဗျားတို့ကို တစ်ခု ပြောပြမယ် ဒါနဲ့ပဲ ထားခဲ့မယ်။ အကောင်းဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေ အားလုံးရဲ့ စီးရီ ၃ ခုမြောက်က စီးရီး ၂ ထက် ပိုကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဩစတြေးလျသားရဲ့ နှုတ်ဆက်စကားကို ပရိသတ်များနှင့် သူ၏ ဘေးတွင် ရပ်နေသော ကစားသမားတွေက အားပေးသံများစွာဖြင့် ကြိုဆိုခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်တွင် တော့တင်ဟမ်ရဲ့ ဆိုးရွားသော ခြေစွမ်းတွေကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ ပိုစတီကိုဂလူရဲ့ အနာဂတ်သည် အဓိက သံသယများ ဖြစ်ပေါ်နေခဲ့ပါတယ်။

ယခု တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ရာသီရဲ့ နောက်ဆုံးပွဲနေ့မတိုင်မီ တော့တင်ဟမ်က ၃၇ ပွဲမှ ၃၈ မှတ်ဖြင့် အဆင့် ၁၇ တွင် ရပ်တည်နေပါတယ်။ တန်းဆင်းသွားတဲ့ ပရီးမီးယားလိဂ်အသင်း သုံးသင်းဖြစ်သော ဆောက်သမ်တန်၊ အင်းဆွစ်ခ်ျတောင်းနှင့် လက်စတာ စီးတီးတို့သာ တော့တင်ဟမ်ထက် ယခုရာသီတွင် ရှုံးပွဲပိုများခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဗုဒ္ဓဟူးနေ့ညက ယူနိုက်တက်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ၁-၀ ဂိုးဖြင့် အနိုင်ရပြီး သူ့ရဲ့ အသင်းက ၁၇ နှစ်အတွင်း ပထမဆုံး ဆုဖလားကို ဆွတ်ခူးပေးခဲ့ပြီးနောက် အသင်းဥက္ကဋ္ဌ ဒန်နီလီဗိုင်းက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုနှင့် ရင်ဆိုင်နေရပါတယ်။

ပွဲအပြီးတွင် ပိုစတီကိုဂလူက ယူရိုပါလိဂ်ကို အနိုင်ရရန် အာရုံစိုက်ရန်အတွက် ဇန်နဝါရီလမှစ၍ တော့တင်ဟမ်ရဲ့ ပရီးမီးယားလိဂ်ကမ်ပိန်းကို စွန့်လွှတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို ကလပ်ရဲ့ အကြီးအကဲများကထောက်ခံခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ ဇန်နဝါရီလကုန် အပြောင်းအရွှေ့ကာလကုန် ကို ရောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ အခြေအနေကို အကဲဖြတ်တဲ့အခါ အဲဒီမှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ဒါက ကျွန်တော်တို့ လိုက်ခဲ့တဲ့ ဆုဖလားပါပဲ" 

"အဲဒီအချိန်တုန်းက တခြားလူတွေ ယုံကြည်ခဲ့တာနဲ့ မတူပါဘူး၊ ဒါက နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒါကို အနိုင်ရနိုင်မယ်လို့ တကယ် ယုံကြည်ခဲ့ပါတယ်" "အဲဒီကတည်းက ကျွန်တော်တို့ လုပ်ခဲ့တာ အားလုံး လေ့ကျင့်ရေးမှာ လုပ်ခဲ့တာ အားလုံးနဲ့ ကျွန်တော် ရွေးချယ်ခဲ့တဲ့ အသင်းတွေက ဒီပွဲတွေ ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ အကောင်းဆုံး အခြေအနေမှာ ရှိနေဖို့ သေချာအောင် လုပ်ခဲ့တာပါပဲ" "အဲဒါက လိဂ်မှာ ပေးဆပ်ခဲ့တာတွေ ရှိခဲ့တာ သေချာပါတယ် ဒါကို ကျွန်တော် တာဝန်ယူရမှာပါ။ ဒါပေမဲ့ တစ်ခုခု အနိုင်ရတဲ့ အဆုံးပွဲက ကျွန်တော့်အတွက် ပိုအရေးကြီးတယ်လို့ ခံစားရပြီး ဒါဟာ ကျွန်တော် လုပ်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ" လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။

ပိုစတီကိုဂလူက ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးတွင် အသင်းရဲ့မန်နေဂျာအဖြစ် သူ့ရဲ့ အနာဂတ်နှင့်ပတ်သက်၍ လီဗိုင်းနှင့် ဆွေးနွေးမှု မရှိသေးကြောင်းလည်း ပြောကြားခဲ့ပါတယ်။ "မရှိပါဘူး၊ စီစဉ်ထားတဲ့ အစည်းအဝေးတွေ မရှိပါဘူး" "ကျွန်တော် ဘာဆွေးနွေးမှုမှ မလုပ်ရသေးပါဘူး ဘယ်သူမှ ကျွန်တော့်ကို ဘာမှ မပြောသေးပါဘူး။ သူတို့ မလိုဘူးလို့ ထင်တာ ဒါမှမဟုတ် ဒီပွဲကို စောင့်နေတာ ဖြစ်နိုင်ပါတယ်" လို့ အသက် ၅၉ နှစ်အရွယ် နည်းပြက ပြောကြားခဲ့ပါတယ်။