The network connection is lost.

Banner Image

တောင်အာဖရိကအသင်း ပင်ပန်းလာချိန်မှာ အသုံးချဖို့ ဆွန်ဟောင်မင်ကို အရံခုံမှာပဲ ထားခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားနည်းပြ ဟွန်မြောင်ဘို ပြောကြား

တောင်ကိုရီးယားအသင်းနည်းပြ ဟွန်မြောင်ဘိုက အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ဒုတိယပိုင်းမှာ ပင်ပန်းလာမယ့် တောင်အာဖရိကကစားသမားတွေအပေါ် အသာစီးရနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အရံခုံမှာပဲ တမင်ထားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အခြေအနေမလှဖြစ်ခဲ့ရသလို အဲဒီပွဲမှာ သူ့အသင်းအနေနဲ့ ကစားကွက်မတည်နိုင်ခဲ့ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။

"ပြိုင်ဘက်တွေ အားအင်အပြည့်ရှိနေချိန်ထက်စာရင် သူတို့တွေ ပင်ပန်းလာပြီး နေရာလွတ်တွေ ပိုထွက်လာမယ့် ပွဲနှောင်းပိုင်းကျမှ ဆွန်ကို ထည့်ကစားတာက ပိုကောင်းမယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ်။ သူတို့ အားနည်းလာတဲ့အချိန်မှာ သူ့ကို အသုံးချချင်ခဲ့တာပါ" လို့ ဟွန်က ဆိုပါတယ်။

ဆွန်ဟာ ပွဲနားချိန်မှာ ဟွမ်ဟီချန်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့ပေမဲ့ ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အဆိုပါပွဲစဉ်အပေါ် သက်ရောက်မှု သိပ်မရှိခဲ့ပါဘူး။

"ကျွန်တော်တို့ ကောင်းကောင်းပြင်ဆင်ခဲ့ပေမဲ့ အရင်ပွဲတွေနဲ့ ယှဉ်ရင် ကွင်းလယ်မှာ အမှားတွေ အများကြီး လုပ်ခဲ့မိပါတယ်။ အဲဒါကြောင့်ပဲ ကစားသမားတွေ ယုံကြည်မှု ကျဆင်းသွားတာပါ။ ဘယ်လိုကစားရမယ်ဆိုတာ သိထားပေမဲ့ အခုထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒီနေ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို မကောင်းခဲ့ပါဘူး" လို့ ဟွန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။