တော့တင်ဟမ်အသင်းခေါင်းဆောင်ခရစ်စတီယန်ရိုမဲရိုးကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ် သဘောတူညီမှုရရှိ
အက်သလက်တီကိုမက်ဒရစ်အသင်းက တော့တင်ဟမ်အသင်းခေါင်းဆောင်ခရစ်စတီယန်ရိုမဲရိုးကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၈ နှစ်အရွယ်ရိုမဲရိုးက အခုနွေရာသီမှာ တော့တင်ဟမ်မှ ထွက်ခွာမယ်လို့ လူအများစု ခန့်မှန်းထားကြသလို အခုအခြေအနေအတိုင်းဆိုရင်တော့ ကစားသမားရဲ့ဆန္ဒ ပြည့်၀တော့မယ့်ပုံစံမျိုး ဖြစ်နေပါတယ်။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ အက်သလက်တီကိုမက်ဒရစ်က မြောက်လန်ဒန်ကလပ်နဲ့ဆွေးနွေးမှုမှာ အပိုဆုကြေးအပါအဝင် ယူရိုသန်း ၄၀ တန်ကြေးရှိ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရိုမဲရိုးကို အင်တာမီလန်အသင်းလည်း စိတ်ဝင်စားတယ်လို့ သတင်းထွက်ခဲ့ဖူးပေမဲ့ အီတာလျံကလပ်အသင်းဘက်မှာ သူ့ရဲ့လစာတောင်းဆိုမှုတွေကို မပေးချေနိုင်လို့ အပြောင်းအရွှေ့ အဆင်မပြေခဲ့ပါဘူး။
ဒါ့အပြင် မြောက်လန်ဒန်ဒါဘီပြိုင်ဘက်အာဆင်နယ်ကလည်း စိတ်ဝင်စားတယ်လို့ သတင်းတွေထွက်ခဲ့သလို ရိုမဲရိုးကိုယ်တိုင်လည်း ၂၀၀၁ ခုနှစ်၊ ဆိုးလ်ကမ်းဘဲလ်နောက်ပိုင်း ခါးသီးပြိုင်ဘက်ကလပ်အသင်းနှစ်ခုအကြား ပထမဆုံးတိုက်ရိုက်ပြောင်းရွှေ့တဲ့ ကစားသမားဖြစ်လာဖို့ လမ်းဖွင့်ထားခဲ့ပါသေးတယ်။
ဒါပေမဲ့ တော့တင်ဟမ်ဘက်ကတော့ ဒီလိုမျိုးပြောင်းရွှေ့ဖို့ကို လုံးဝခွင့်မပြုခဲ့လို့ အခုတော့ ရိုမဲရိုးကို အက်သလက်တီကိုမက်ဒရစ်ရဲ့ အခုနွေရာသီ၊ လေးဦးမြောက်ကစားသမားသစ်အဖြစ် မြင်တွေ့ရပါတော့မယ်။