
ပေါင်သန်း ၆၀ တန်ကစားသမားကို ဒီနွေရာသီမှာ ခေါ်ဖို့ မကြိုးစားတဲ့ ချဲလ်ဆီးကို အံ့ဩနေတဲ့ ပေါလ်မာဆင်
ချဲလ်ဆီးအသင်းက ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပေါင် ၂၃၀ သန်းကျော် သုံးစွဲခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် စိတ်ပျက်စရာ ရာသီအစကို ပိုင်ဆိုင်ခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ အက်ဇေးက ၁၃ မိနစ်မှာ အလွတ်တည်ကန်ဘောကနေ အပြစ်ဆိုစရာမရှိအောင် သွင်းယူခဲ့ပေမဲ့ VAR ကြောင့် ပယ်ဖျက်ခံခဲ့ရတာကြောင့် ချဲလ်ဆီးအတွက် ပိုဆိုးသွားနိုင်ခဲ့ပါတယ်။
အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး အက်ဇေးကို ထိပ်တန်းအသင်းများစွာက စိတ်ဝင်စားခဲ့ကြပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ တော့တင်ဟမ်အသင်းက အသက် ၂၇ နှစ်အရွယ် ကစားသမားအတွက် ပေါင်သန်း ၆၀ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းကလည်း အက်ဇေးကို အပြင်းအထန် စိတ်ဝင်စားနေခဲ့ပေမဲ့ ကစားသမားသစ် အီသန် နွမ်နာရီက စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပဲလေ့စ်အသင်းရဲ့ သူရဲကောင်းကို ခေါ်ယူဖို့ လက်လျှော့ခဲ့တယ်လို့ သိရပါတယ်။ချဲလ်ဆီးအသင်းက အက်ဇေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိပေမဲ့ မာဆင်ကတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ကိုးလ် ပါးလ်မာအပေါ် ဖိအားလျော့ချဖို့အတွက် အကောင်းဆုံး ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ခံစားမိနေပါတယ်။
“ချဲလ်ဆီးက အီဘီရီချီ အက်ဇေးကို ခေါ်ဖို့ မကြိုးစားတာကို ကျွန်တော် မယုံနိုင်ပါဘူး။ ကျွန်တော် ဘာကိုလွဲချော်နေလဲဆိုတာတော့ မသိပါဘူး” “သူတို့က တောင်ပံကစားသမားတွေ ဆက်တိုက် ဝယ်ယူနေကြပါတယ်။ ဒါပေမဲ့ သူတို့က ထိုးဖောက်နိုင်စွမ်းရှိတဲ့ ကစားသမားမျိုး လိုအပ်ပါတယ်။ ပါးလ်မာထက် ပိုပြီးတော့ လိုအပ်ပါတယ်”
“အက်ဇေးကို ခေါ်ယူလိုက်ရင်တော့ ပြိုင်ဘက်အသင်းတွေကို ထိုးဖောက်နိုင်မယ့် ကစားသမား နှစ်ယောက် ရှိသွားမှာပါ” “ကျွန်တော့်အတွက်တော့ သူတို့ဟာ ခန့်မှန်းရလွယ်ပါတယ်” လို့ မာဆင်က ပြောပါတယ်။ ချဲလ်ဆီးနဲ့ ပဲလေ့စ်တို့ သရေကျခဲ့တဲ့ပွဲစဉ်မှာ “စိုးရိမ်စရာ” လက္ခဏာတွေ အများအပြား ရှိနေခဲ့တယ်လို့ မာဆင်က ယုံကြည်နေပါတယ်။ အသင်းက ထိပ်ဆုံးမှာ စိန်ခေါ်နိုင်ဖို့အတွက် ပါးလ်မာဟာ “ပံ့ပိုးမှု” ပိုပြီးတော့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
“ချဲလ်ဆီးက ပဲလေ့စ်နဲ့ပွဲမှာ မကောင်းခဲ့ပါဘူး။ သရေကျခဲ့တာ စိုးရိမ်စရာပါ” “ကိုးလ် ပါးလ်မာက ပြိုင်ဘက်အသင်းကို ထိုးဖောက်နိုင်ခြင်းမရှိဘူးဆိုရင်တော့ ချဲလ်ဆီးအတွက် ဘယ်သူက ထိုးဖောက်ပေးနိုင်မလဲဆိုတာ မသေချာပါဘူး” “ပါးလ်မာဟာ အခုဆိုရင် အသင်းတိုင်းအတွက် ပြောစရာစကား ဖြစ်နေပါပြီ။ သူ့ကို တားဆီးနိုင်ရင် ချဲလ်ဆီးကို တားဆီးနိုင်မယ်လို့ သူတို့က ထင်နေကြပါတယ်”
“ဝက်စ်ဟမ်းအတွက်လည်း ‘ကိုးလ် ပါးလ်မာကို တားဆီးပါ’ ဆိုတဲ့ မက်ဆေ့ခ်ျ ဖြစ်နေမှာပါပဲ။ ဒီအတိုင်းပါပဲ” “သူက အကူအညီ လိုအပ်ပါတယ်။ ပြိုင်ဘက်အသင်းက သူ့ကို အမှတ်အသားပြုပြီး ကောင်းကောင်း တားဆီးနိုင်ခဲ့ရင် ချဲလ်ဆီးမှာ ဘယ်လို ခြိမ်းခြောက်နိုင်မလဲဆိုတာ မသေချာပါဘူး။ ပက်ဒရို နက်တိုနဲ့ ဂျေမီ ဂစ်တန်စ်တို့မှာ အမြန်နှုန်းရှိပေမဲ့ တနင်္ဂနွေနေ့မှာ နောက်ခံလူတွေကို ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်” လို့ မာဆင်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
မာဆင်ရဲ့အဆိုအရတော့ အသင်းကို ထိုးဖောက်ဖို့က ပါးလ်မာပေါ်မှာပဲ အမြဲတမ်း တာဝန်ရှိတာမဟုတ်ဘဲ နည်းပြ အန်ဇို မာရက်စ်ကာကလည်း ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် “အဖြေတွေ” ကို ရှာဖွေရမှာဖြစ်ပါတယ်။ “ပါးလ်မာအတွက် ခက်ခဲပါတယ်။ ဘောလုံးရတဲ့အခါ ပတ်ပတ်လည်မှာ ကစားသမားတွေ ရှိနေရမှာဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ သူက အဲ့ဒီလိုမျိုး မရပါဘူး”
“ဒါက ပါးလ်မာအပေါ်မှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ မာရက်စ်ကာကလည်း အဖြေတွေနဲ့ ပေါ်ထွက်လာရမှာပါ” “အသင်းတွေကို ထိခိုက်စေမယ့် နေရာတွေမှာ ဘောလုံးရအောင် သူ့အတွက် နည်းလမ်းရှာဖွေရမှာပါ။ ဒါပေမဲ့ ပါးလ်မာအတွက်တော့ စိတ်ရှည်ဖို့က အဓိကကျပါတယ်။ ဘောလုံးရဖို့အတွက် နိမ့်ဆင်းပြီး လာယူနေတာထက် နည်းနည်းပိုပြီး စောင့်ဆိုင်းရပါမယ်”
“ကွင်းလယ်မှာဆိုရင် ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူက အထူးပြုလုပ်နိုင်တဲ့ ဘောလုံးကို ဂိုးပေါက်အနီးအနား နေရာမှာ လိုအပ်ပါတယ်” လို့ မာဆင်က ဆက်လက်ပြောဆိုထားပါတယ်။