ယောကရက်စ်မှာ ယုံကြည်မှုပျောက်ဆုံးနေပြီလို့ အာဆင်နယ်ဂန္တဝင်ပြောဆို
ယောကရက်စ်ကို နည်းပြအာတီတာကိုယ်တိုင် ဘေးဖယ်ထားလိုက်ပြီလို့ အာဆင်နယ်ဂန္တဝင်ပီတစ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စပို့တင်းလစ္စဘွန်းမှ အာဆင်နယ်ဆီ ပေါင် ၆၄ သန်းဝန်းကျင်ဖြင့် ရောက်ရှိလာတဲ့ ယောကရက်စ်က ဂိုးပေါက်ရှေ့မှာ သိသာထင်ရှားလှတဲ့ ရုန်းကန်ရမှုတွေ ရှိနေချိန်မှာတောင် ဝေဖန်မှုတွေကို ကျော်ဖြတ်ကာ ယမန်နှစ်ဘောလုံးရာသီ၊ အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။
ဒီဆွီဒင်ကြယ်ပွင့်က ဥရောပရဲ့အထွန်းတောက်ဆုံးဗဟိုတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့ပေမဲ့ အာတီတာရဲ့လက်အောက်မှာ အထောင်တိုက်စစ်နေရာအတွက် ကိုင်ဟားဗက်ဇ်နဲ့အပြိုင် တိုက်ပွဲဝင်နေရလို့ ဂန်းနားတွေအတွက် ခြေစွမ်းအပြည့်အ၀ မပြသနိုင်သေးပါဘူး။
Betfred နဲ့ဆွေးနွေးခန်းမှာတော့ ပီတစ်က တစ်နှစ်အကြာမှာတင် ဘေးဖယ်ခံလိုက်တဲ့ ယောကရက်စ်အတွက် မြောက်လန်ဒန်အချိန်ကာလတွေ ပြီးဆုံးသွားပြီလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ပီတစ်က "ဒါ ယောကရက်စ်အတွက် အသင်းမှာ ကြိုဆိုခြင်း မခံရတော့ဘူးဆိုတဲ့ ရှင်းလင်းတဲ့သတင်းစကားတစ်ခုပါပဲ။ ပွဲထွက်ခွင့်ဦးစားပေးစာရင်းမှာ သူ မပါဝင်တော့ပါဘူး" လို့ ပြောပါတယ်။
"သူ့မှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီလို့ ယူဆမိသလို လတ်တလောမှာလည်း ဒါကို မြင်တွေ့နိုင်ပါတယ်"
"တကယ်တော့ သူတစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ ဥပမာပြောရရင် ဖောရက်စ်နဲ့ပွဲစဉ်မှာ အီဇီ ဆိုရင်လည်း စိုးရိမ်စိတ်တွေ များနေတဲ့ပုံ ပေါက်နေပါတယ်။ သူတို့အားလုံးက စီနီယာအသင်းကြီးမှာ နေရာရဖို့အတွက် ယှဉ်ပြိုင်နေရပြီး အသင်းလူစာရင်းရဲ့ အရည်အသွေးကို ကြည့်မယ်ဆိုရင် ပြိုင်ဆိုင်မှု အရမ်းမြင့်မားပါတယ်"
"သူက ပထမဦးစားပေး မဟုတ်တော့ဘူးဆိုတာကို ယောကရက်စ် သိထားသလို အလွန်အရေးကြီးတဲ့ပွဲစဉ်တချို့မှာ ကစားခွင့်ရဖို့ သူ့အတွက် ခက်ခဲပါလိမ့်မယ်"
"သူ့မှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်ဆိုတာကို ကျွန်တော်တို့ မြင်နိုင်သလို အာဆင်နယ်မှာ သူ့ရဲ့အနာဂတ် ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ ပြီးတော့ ကလပ်အသင်းက အပြောင်းအရွှေ့ဈေးကွက်ထဲမှာ တိုက်စစ်မှူးတွေကို စောင့်ကြည့်ရှာဖွေခဲ့လို့ ကျွန်တော့်အတွက်တော့ ဒါက ယိုကရက်စ်ကို အသင်းမှာ ကြိုဆိုခြင်း မခံရတော့ဘူးဆိုတာကို ပြသလိုက်တဲ့ ရှင်းလင်းတဲ့ သတင်းစကားတစ်ခုပါပဲ" လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်မှာ ၁၄ ဂိုးသွင်းယူမှုအပါအဝင် ပြိုင်ပွဲစုံ ၂၁ ဂိုးအထိ သွင်းယူပေးခဲ့လို့ ယောကရက်စ်ကို မအောင်မြင်တဲ့သူလို့ သေချာပေါက်ပြောလို့မရပါဘူး။ သူက စနေညပိုင်း၊ အဲဗာတန်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့လို့ အသက် ၂၈ နှစ်အရွယ်ကစားသမားအပေါ် အသင်းရဲ့ယုံကြည်မှု ပိုမိုမြင့်တက်လာတယ်ဆိုတာကို သက်သေပြနေပါတယ်။