ဝက်စ်ဟမ်းမှာကျရှုံးခဲ့တဲ့ ဖူလ်ခရက်ခ် ဝါဒါဘရီမင်နဲ့ ပြန်ပူးပေါင်းသွားဖွယ်ရှိ
ဝက်စ်ဟမ်းတိုက်စစ်မှူးဖူလ်ခရက်ခ်က အသင်းဟောင်းဝါဒါဘရီမင်ဆီ ပြန်လည်ပူးပေါင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးက ဂျာမန်ထိပ်သီးဒေါ့မွန်အသင်းမှာ ၄၃ ပွဲကစား၊ ၁၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသပြီးနောက် ၂၀၂၄ ခုနှစ်၊ နွေရာသီကာလအတွင်း ဝက်စ်ဟမ်းဆီ ရောက်ရှိလာခဲ့ပါတယ်။ သူ့အပေါ်မှာ မျှော်လင့်ချက်တွေ ကြီးမားခဲ့ပေမဲ့ ဖူလ်ခရက်ခ်ကတော့ ဒဏ်ရာပြဿနာတွေနဲ့အတူ ခြေစွမ်းမပြနိုင်ဘဲ ဝက်စ်ဟမ်းအသင်းရဲ့စိတ်ပျက်စရာအကောင်းဆုံးတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
Sky Sports ရဲ့ လတ်တလောဖော်ပြချက်အရ ဒီဂျာမနီလက်ရွေးစင်ဟောင်းက သူ့ရဲ့ အသင်းဟောင်း ဝါဒါဘရီမင်ဆီ ပြန်ဖို့ အတော်လေး နီးစပ်နေပြီလို့ သိရပါတယ်။ သူက ကနဦးမှာ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ပြီး အပြောင်းအရွှေ့ပေါ်ပေါက်လာဖို့အတွက် လစာတစိတ်တပိုင်းကိုလည်း လျှော့ချသွားဖို့ သဘောတူထားတယ်လို့ သိရပါတယ်။
ဒါက ဖူလ်ခရက်ခ်အတွက်တော့ ဝါဒါဘရီမင်မှာ တတိယအကြိမ်ကစားသမားဘ၀ စတင်မှု ဖြစ်လာပါလိမ့်မယ်။ သူက ဒီကလပ်အသင်းမှာပဲ ကစားသမားဘ၀စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဂရုသာဖတ်ချ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဟန်နိုဗာမှ ငယ်ဘ၀ကလပ်အသင်းဆီ ပြန်ရောက်လာပြီး ၂၀၂၂ ခုနှစ်မှာ အသင်းကို ဘွန်ဒက်စ်လီဂါမှ တန်းမဆင်းရအောင် အဓိကအခန်းကဏ္ဍမှ ကူညီပေးခဲ့ပါတယ်။