အာဆင်နယ်မှ ဒေါ့မွန်ဆီ အငှားဖြင့် ဘာကြောင့်ထွက်ခွာလာသလဲဆိုတာ ရှင်းပြလိုက်တဲ့ အီသန်ဝါနရီ
ဒေါ့မွန်ကစားသမားသစ် အီသန်ဝါနရီက အာဆင်နယ်မှ ဂျာမန်မြေဆီ ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒေါ့မွန်က တိုက်စစ်ပိုင်းအားဖြည့်ဖို့အတွက် အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းရက် နောက်ဆုံးအချိန်မှာ အာဆင်နယ်အသင်းရဲ့အင်္ဂလန်ယူ-၂၁ လက်ရွေးစင်တိုက်စစ်မှူး အီသန်ဝါနရီကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ပါတယ်။
ဒေါ့မွန်ကစားသမားဘ၀ပထမဆုံးအင်တာဗျူးမှာ အသက် ၁၉ နှစ်အရွယ်ကစားသမားက ဂျာမနီမြေဆီ ပြောင်းရွှေ့ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
"ဒေါ့မွန်ရဲ့စိတ်ဝင်စားမှုကို ကြားသိရပြီး ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပြီးတာနဲ့ အရာအားလုံး လျှင်လျှင်မြန်မြန် ပြီးမြောက်သွားခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာတင် ကွင်းပြင်ပမှာ အဆင့်မြင့်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့စိတ်ဝင်စားမှုရှိနေတယ်ဆိုတာ သိရတာနဲ့ ကျွန်တော်ကတော့ ပြောင်းရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါတယ်" လို့ ဝါနရီက ပြောကြားခဲ့ပါတယ်။
ဒေါ့မွန်အသင်းအကြောင်း စဉ်းစားချိန် စိတ်ထဲမှာ ဘာတွေပေါ်ပေါက်လာသလဲဆိုတဲ့ မေးခွန်းကို ဝါနရီက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ပရိသတ်တွေအပါအဝင် အရာအတော်များများပေါ့။ သူတို့အကြောင်း လူတိုင်း ကြားဖူးကြပါတယ်။ သမိုင်းကြောင်းရှိပြီး ခမ်းနားတဲ့ဘောလုံးကွင်းကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာ ရှိနေခဲ့ဖူးတဲ့ ကစားသမားတွေလည်း ရှိပါသေးတယ်။ ဒီမှာတင် နာမည်ကျော်ကြားခဲ့ပြီး အခြားနေရာတွေမှာ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့ကြတဲ့ ကစားသမားတွေပါ။ သူတို့အားလုံးက ဒီမှာ လူသားတစ်ဦးအဖြစ်နဲ့ရော၊ ကစားသမားတစ်ဦးအဖြစ်နဲ့ပါ ကြီးပြင်းလာခဲ့ကြပါတယ်။ ဒါက ကလပ်အသင်းကို ကွဲပြားခြားနားစေတဲ့ အံ့ဩစရာကောင်းတဲ့ အချက်တစ်ခုလို့ ထင်ပါတယ်"လို့ ဝါနရီက ဆိုပါတယ်။
ဝါနရီက အပြောင်းအရွှေ့မပြုလုပ်မီ အင်္ဂလန်ယူ-၂၁ အသင်းဖော်၊ ဒေါ့မွန်ကွင်းလယ်လူဂျိုဘီဘယ်လင်ဟမ်နဲ့လည်း ဆက်သွယ်ခဲ့သေးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
"ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဂျိုဘီနဲ့ စကားပြောခဲ့ပါတယ်။ သူက 'မင်း ဘာတွေဖြစ်နေတာလဲ' လို့ မေးခဲ့ပြီး ကျွန်တော်ကလည်း အခုထိ အသေအချာမပြောနိုင်သေးဘူးလို့ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အများကြီးဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူကလည်း တစ်ချိန်လုံး ကျွန်တော့်ကို ဒေါ့မွန်ဆီ လာဖို့ပဲ ပြောနေခဲ့ပါတယ်။ အခုတော့ အတူတကွတွဲဖက်ကစားရဖို့ရှိနေလို့ ဝမ်းသာမိပါတယ်"လို့ ဝါနရီက ပြောပါတယ်။