
ကွန်မြူနတီဒိုင်းကို ယူရိုပါလိဂ်ဝင်ခွင့်နဲ့ လဲမှာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ ဂလက်စ်နာ
လီဗာပူးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အနိုင်ရဗိုလ်စွဲပြီးနောက် ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာက သူ့အနေနဲ့ ကွန်မြူနတီဒိုင်းကို ယူရိုပါလိဂ်ဝင်ခွင့်နဲ့ လဲမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ပဲလေ့စ်အနေနဲ့ တနင်္လာနေ့မှာပဲ ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ယူရိုပါလိဂ်မှာပဲ ယှဉ်ပြိုင်ရမှာလားယူရိုပါကွန်းဖရန့်လိဂ်မှာ ယှဉ်ပြိုင်ရမှာလားဆိုတာ သိရှိသွားရမှာဖြစ်ပါတယ်။ လီဗာပူးကိုအနိုင်ရကာ ကွန်မြူနတီဒိုင်းကိုဆွတ်ခူးပြီးနောက်မှာ ဂလက်စ်နာက "ကျွန်တော့်အနေနဲ့တော့ ကွန်မြူနတီဒိုင်းကို ယူရိုပါလိဂ်ဝင်ခွင့်နဲ့ လဲသွားမှာမဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့လည်း ပတ်ဝန်းကျင်က ဆူညံသံတွေကို ကြောက်မနေပါဘူး"
"မနက်ဖြန်ထွက်လာမယ့်အဖြေက ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးမှုမရှိပါဘူး။ ဒီတော့ ဒီညအပြည့်အဝ အောင်ပွဲခံပြီး မနက်ဖြန်နေ့လယ်စာစားချိန်မှာ ကစားသမားတွေနဲ့ ပြန်တွေ့သွားပါမယ်။ ပြီးရင်တော့ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားပါမယ်။ ဒီအကြောင်းကို တွေးပူမနေပါဘူး" လို့ပြောကြားခဲ့ပါတယ်။
အက်ဖ်အေဖလားဆွတ်ခူးထားတဲ့ ပဲလေ့စ်အနေနဲ့ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ရထားပေမယ့် ယူအီးအက်ဖ်အေ စည်းမျဉ်းစည်းကမ်းတွေအရ ကလပ်ပိုင်ရှင်ဟာ တစ်ဖက်မှာ လိုင်ယွန်အသင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် တစ်သင်းတည်းကိုသာ ယူရိုပါလိဂ်ဝင်ခွင့်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပဲလေ့စ်အနေနဲ့ ကွန်းဖရန့်လိဂ်ကိုဆင်းပြီး ကစားပေးရဖို့ရှိနေပါတယ်။
ယခု လီဗာပူးနဲ့ပွဲစဉ်မှာ ပင်နယ်တီ ၂ ကြိမ်အထိကာကွယ်ပြီး ပဲလေ့စ်ကိုကယ်တင်ပေးခဲ့တဲ့ ဂိုးသမား ဒင်းန်ဟန်ဒါဆန်ကလည်း "ကျွန်တော်တို့မနက်ဖြန်မှာ တိတိကျကျသိရမှာပါ။ ကျွန်တော်တို့ဒီအတွက် စိတ်သောကရောက်မနေပါဘူး။ အက်ဖ်အေလားရထားလို့ ကျွန်တော်တို့ ယူရိုပါလိဂ်ပြိုင်ပွဲကစားဖို့ အခွင့်အရေးရှိနေပါတယ်"
"အသင်းက ယူရိုပါလိဂ်မှာကစားရဖို့ထိုက်တန်ပေမယ့် မကစားရဘူးဆိုရင်တော့ အသင်းအတွက်နစ်နာပါတယ်။ ဒါကို ဘောလုံးပရိသတ်တွေလည်း သဘောတူမယ်လို့ထင်ပါတယ်။ အသင်းဥက္ကဌကလည်း ဒီအတွက် တိုက်ပွဲဝင်သွားမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ ယူရိုပါလိဂ်ကစားရမယ်ဆိုတာ သေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။