
တော့တင်ဟမ်ကချိတ်ဆက်နေပေမယ့် အီဇီ အသင်းမှာပဲဆက်ရှိနေမယ်လို့ယုံကြည်ကြောင်း ပဲလေ့စ်နည်းပြအခိုင်အမာပြော
ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာက အသင်းရဲ့တိုက်စစ်ကြယ်ပွင့် အီဘရီချီအီဇီဟာ တော့တင်ဟမ်ရဲ့ ချိတ်ဆက်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့် အသင်းမှာပဲဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အီဇီအနေနဲ့ ယခုနွေရာသီမှာပဲ ခရစ္စတယ်ပဲလေ့စ်နဲ့ လမ်းခွဲသွားဖွယ်ရှိကြောင်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားသလို၊ တော့တင်ဟမ်နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်းယူဆထားကြတာဖြစ်ပါတယ်။ သို့သော်လည်း အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့က ချဲလ်ဆီးကို ၀-၀ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ပဲလေ့စ်အတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ အီဇီအနေနဲ့ ဖရီးကစ်မှတစ်ဆင့် ပဲလေ့စ်အတွက် သွင်းဂိုးရယူပေးနိုင်ခဲ့ပေမယ့် VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် ဂိုးအဖြစ်မှပယ်ဖျက်ခံခဲ့ရပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ပဲလေ့စ်နည်းပြ ဂလက်စ်နာကို အီဇီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာ ဂလက်စ်နာက အင်္ဂလန်လက်ရွေးစင်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဖြေကြားလာခဲ့ပါတယ်။
ဂလက်စ်နာက "ဒီပွဲမှာ သူပါဝင်ခဲ့တာဘာကြောင့်လဲဆိုတော့ သူကပဲလေ့စ်ကစားသမားဖြစ်နေလို့ပါပဲ။ သူ့ကို ဒီပွဲမှာမသုံးဖို့ အကြောင်းပြချက်မရှိပါဘူး။ တကယ်လို့ အသင်းရဲ့ကစားသမား ၁၁ ယောက်စလုံး အသင်းအတွက်ပေးဆပ်လိုစိတ်မရှိရင် ချဲလ်ဆီးကို သရေကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အီဇီအနေနဲ့လည်း အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပေးဆပ်လိုစိတ်ရှိနေဆဲပါ။ သူ့ရဲ့စာချုပ်က ကုန်သွားပြီဆိုပေမယ့် ကလပ်ရဲ့ဆုံးဖြတ်ချက်ကိုစောင့်ရပါဦးမယ်။ ဘာတွေဖြစ်လာမလဲကျွန်တော်တို့ သိရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်သောကြာနေ့ ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာလည်း အီဇီအနေနဲ့ ပဲလေ့စ်အတွက် ဆက်လက်ပါဝင်ကစားသွားမှာဖြစ်ကြောင်းကို ဂလက်စ်နာက "ဒီနေ့ပွဲမှာ သူဂိုးသွင်းနိုင်ခဲ့ပေမယ့် ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ မနက်ဖြန်အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုလည်း သူရောက်လာမှာပါ။ အင်္ဂါနေ့မှာတော့ နားရပါမယ်။ လာမယ့်ကွန်းဖရန့်လိဂ်ပွဲမှာ သူအသင်းအတွက်ဆက်လက်ပါင်ကစားမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်အနေနဲ့ အီဇီကို ယခုနွေရာသီမှာပဲ ခေါ်ယူသွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပြီး ပဲလေ့စ်ဟာ သောကြာနေ့ ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာ နော်ဝေးကလပ် ဖရက်ဒရစ်စတက်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။