The network connection is lost.

Banner Image

လီဗာပူးဂိုးသမားက သူ့ဘဝရဲ့အကောင်းဆုံးလက်စွမ်းကို ပြသသွားခဲ့တယ်လို့ ပဲလေ့စ်နည်းပြဂလက်စ်နာ ပြောကြား

ယမန်နေ့(စနေနေ့)၊ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမားဖရက်ဒီဝုဒ်မန်းရဲ့လက်စွမ်းပြမှုကြောင့် ပြိုင်ဘက်ကလပ်အသင်းနှစ်ခုအကြား ခြားနားချက်ဖြစ်စေခဲ့တယ်လို့ ခရစ္စတယ်ပဲလေ့စ်နည်းပြဂလက်စ်နာ ယူဆနေပါတယ်။

ဒီပွဲစဉ်မှာ လီဗာပူးအတွက် အီဆက်ခ်နဲ့ ရောဘတ်ဆန်တို့က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပြီး မူနော့ဇ်က ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးအတွက် အပိတ်ဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲစဉ်အပြီး ဂလက်စ်နာက "အဓိကကွာခြားချက်ကတော့ အခွင့်အရေးကို အသုံးချနိုင်စွမ်းပါပဲ။ လီဗာပူးက အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ကတော့ အသုံးမချနိုင်ခဲ့ဘူး။ လီဗာပူးဂိုးသမားဝုဒ်မန်းကတော့ သူ့ဘဝရဲ့ အကောင်းဆုံးနေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့တာမို့ သူ့ကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့က ပွဲပြီးတဲ့အထိ အရှုံးမပေးဘဲ ယုံကြည်မှုရှိရှိ ကစားခဲ့ပါတယ်။ ဒါ တကယ့်ကို အပြုသဘောဆောင်တဲ့အချက်ဖြစ်ပြီး ကျန်ရှိနေတဲ့ရာသီပိတ်ပွဲစဉ်တွေအတွက် ဒါကိုပဲ အခြေခံပြီး ဆက်သွားရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ဒါက လီဗာပူးကွင်းမှာကစားခဲ့သမျှပွဲစဉ်တွေအနက် ကျွန်တော်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်လို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ကစားသမားတွေကို ကိန်းဂဏန်းအချက်အလက်တွေလည်း ပြခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့နှစ်ဂိုးပြတ်ရှုံးနေချိန် 'ကွန်ဖရန့်လိဂ်ဆီမီးဖိုင်နယ်အတွက် အားမွေးထားမယ်' လို့တွေးပြီးတော့ လေးဂိုးလောက်အထိ အပြတ်အသတ်အရှုံးပေးလိုက်လို့ရပေမဲ့ ကျွန်တော်တို့ အဲဒီလို မလုပ်ခဲ့ပါဘူး။ အခုပြသခဲ့တဲ့ စွမ်းဆောင်ရည်က ရာသီလက်ကျန်ပွဲစဉ်တွေအတွက် ကျွန်တော်တို့ကို ယုံကြည်မှုအများကြီး ဖြစ်စေပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။