The network connection is lost.

Banner Image

မန်စီးတီးက သူတို့ထက် အဆင့်အတန်းအများကြီး သာလွန်ကောင်းမွန်နေတယ်လို့ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စနာ ဝန်ခံ

အီတီဟတ်ကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးအသင်းဟာ သူ့ရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းထက် အများကြီး သာလွန်ကောင်းမွန်ခဲ့တယ်လို့ နည်းပြ အိုလီဗာဂလက်စနာက ဝန်ခံပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းက ပွဲအစကနေ အဆုံးအထိ ပွဲကို အလုံးစုံစိုးမိုးကစားသွားခဲ့တာဖြစ်ပြီး အန်တွိုင်းဆီမင်ညို၊ ဆာဗင်ဟိုနဲ့ အိုမာမာမော့ရှ်တို့က အသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။

ပရီမီယာလိဂ် ပွဲစဉ်အပြီး အင်တာဗျူးမှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ယှဉ်ပြိုင်ဖို့ လိုအပ်တဲ့ စွမ်းဆောင်ရည်မျိုး သူ့အသင်းဘက်က မပြသနိုင်ခဲ့ဘူးလို့ ဂလက်စနာက ဆိုပါတယ်။

"ဒီနေ့မှာတော့ မန်စီးတီးက ကျွန်တော်တို့ထက် အများကြီး ပိုကောင်းနေတယ်ဆိုတာကို လက်ခံရပါလိမ့်မယ်။ ဒီကွင်းမှာ ရမှတ်တစ်ခုခုရဖို့ဆိုရင် အကောင်းဆုံး စွမ်းဆောင်ရည်မျိုး လိုအပ်ပေမဲ့ ကျွန်တော်တို့ ဒီနေ့ပြသခဲ့တာက အဲ့ဒီအဆင့်နဲ့ အလှမ်းဝေးနေခဲ့ပါတယ်။ ဂိုးရဖို့ အခွင့်အရေး တစ်ကြိမ်၊ နှစ်ကြိမ်လောက် ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ အခုလို ၃-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့တာပါ" လို့ ဂလက်စနာက ပြောပါတယ်။

သူကဆက်ပြီး "သူတို့ ဘယ်လိုကစားမလဲဆိုတာ ကျွန်တော်တို့ ကြိုသိထားပေမဲ့ တစ်ချိန်လုံး ခုခံကာကွယ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ ဘောလုံးကို လွယ်လွယ်ကူကူပဲ ဆုံးရှုံးခဲ့ကြတယ်။ ပထမဂိုးမှာဆိုရင် ဖိုဒန်ဆီ ဘောလုံးရောက်သွားတဲ့အချိန် မန်စီးတီးရဲ့ အရည်အသွေးကို မြင်တွေ့ခဲ့ရမှာဖြစ်သလို ဖိုဒန်ရဲ့ အဆုံးသတ်ကလည်း တကယ်ကို အဆင့်အတန်းရှိခဲ့ပါတယ်။ ဒုတိယဂိုးကတော့ ကျွန်တော်တို့ရဲ့ ခံစစ်အားနည်းချက်ကြောင့်ပါ။ ဘောလုံးရထားတဲ့အချိန်မှာ ကျွန်တော်တို့ အခုထက်ပိုပြီး ကောင်းအောင် လုပ်နိုင်ခဲ့သင့်ပေမဲ့ ဘောလုံးကို အလွယ်တကူ ဆုံးရှုံးခဲ့တာကြောင့် ဖိအားတွေ ပိုများလာခဲ့ရတာပါ" လို့လည်း ပြောကြားခဲ့ပါတယ်။