The network connection is lost.

Banner Image

အရောင်းစာရင်းထဲမှ ကစားသမားတွေကို ယူနိုက်တက်မှထွက်ခွာဖို့ အာမိုရင်တိုက်တွန်း

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့အရောင်းစာရင်းထဲမှကစားသမားတွေဖြစ်တဲ့ အလီဂျန်ဒရိုဂါနာချို၊ တိုင်ရဲလ်မာလာစီယာ၊ အန်တိုနီနဲ့ ဂျေဆန်ဆန်ချိုတို့ကို အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာသွားကြဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလဟာ လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှာပိတ်သိမ်းတော့မှာဖြစ်လို့ အဆိုပါကစားသမား ၄ ယောက်အနေနဲ့ ယူနိုက်တက်မှထွက်ခွာဖို့ အချိန် ၁ ပတ်ခန့်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ သတင်းတွေအရ ဂါနာချိုကို ချဲလ်ဆီးကခေါ်ယူဖို့ သေချာသလောက်ဖြစ်နေပြီး၊ ဆန်ချိုကိုလည်း စီရီးအေကလပ်တွေက ကမ်းလှမ်းမှုတွေပြုလုပ်ထားပေမယ့် အန်တိုနီနဲ့ မာလာစီယာတို့ကတော့ အခုချိန်အထိ ခိုင်မာတဲ့အချိတ်အဆက်တွေမရသေးဘူးလို့ သိရပါတယ်။ 

အန်တိုနီကို ရီးရဲလ်ဘက်တစ်က ခေါ်ယူလိုကြောင်း အတိအလင်းဝန်ခံထားပေမယ့် ယူနိုက်တက်ကတော့ ဘရာဇီးသားကို ဈေးပေါပေါနဲ့လက်လွှတ်သွားဖွယ်မရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အတော်လေးခက်ခဲနိုင်ပါတယ်။ ယူနိုက်တက်ဟာ မာလာစီယာကိုတော့ ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းသာ သတ်မှတ်ထားတာဖြစ်ပါတယ်။

ယခုအခါမှာ အာမိုရင်က “အသင်းမှာ ဒီလိုအခြေအနေနဲ့ ကစားသမားတွေပုံနေတာ ကောင်းတဲ့အချက်မဟုတ်ပါဘူး။ သူတို့က အခြားအသင်းတွေမှာ ကစားချင်တယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့ ကြိုးစားသွားရပါမယ်။ ကျွန်တော်ကတော့ အနာဂတ်မှာ ကျွန်တော်နဲ့လက်တွဲသွားရမယ့်ကစားသမားတွေနဲ့ပဲ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ချင်ပါတယ်။ ဈေးကွက်ပိတ်သွားရင် အခြေအနေတွေက တစ်မျိုးဖြစ်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီကစားသမားတွေကို ကျွန်တော်တို့ပြန်လက်ခံသွားရမှာဖြစ်ပြီး အသင်းရဲ့အခြေအနေက ဘာမဆိုဖြစ်သွားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲပြီး ဘင်ဂျမင်ဆက်စ်ကို၊ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူအားဖြည့်ထားပါတယ်။အသင်းမှထွက်ခွာဖွယ်ရှိတဲ့ကစားသမားစာရင်းထဲမှာ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းလည်းပါဝင်လာခဲ့ပြီး ဒိန်းမတ်သားကို အေစီမီလန်ကခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့သိရပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲစတင်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။