The network connection is lost.

Banner Image

ညံ့ဖျင်းနုံချာသလို ဘာမှနားမလည်တဲ့ ဒိုင်လူကြီးကြောင့် ရလဒ်ပိုင်း အဆုံးအဖြတ်ဖြစ်သွားတယ်လို့ ပယ်လီဂရီနီ ပြင်းပြင်းထန်ထန်ဝေဖန်

ပြီးခဲ့တဲ့စနေညပိုင်း၊ လာတာကူဂျာကွင်းပွဲစဉ်မှာ ဘက်တစ်က ဘာစီလိုနာကို ၂-၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ ပွဲအစ ၁၀ မိနစ်မှာပဲ ယာမယ်လ်ရဲ့အံ့ဖွယ်သွင်းဂိုးနဲ့အတူ ဘာစီလိုနာတို့ ဦးဆောင်လာခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ ဖော်နယ်လ်ရဲ့ဖန်တီးပေးမှုမှတဆင့် ဗာလင်တိုင်းဂိုးမက်ဇ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒီနောက်မှာ ရိုဒရီရဲ့ ဦးဆောင်ဂိုး ပေါ်ပေါက်လာပြီး နှစ်မိနစ်အကြာမှာပဲ လိုဆယ်လိုက ချေပဂိုးကို သွင်းယူခဲ့ပေမဲ့ ကစားကွက်တည်ဆောက်ချိန် ကူချိုဟာနန်ဒက်ဇ်ရဲ့လက်နဲ့ ဘောလုံး ထိခဲ့တယ်ဆိုကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့လို့ အငြင်းပွားမှုတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် ၅၁ မိနစ်မှာ ဂျီးဆပ်စ်က ဘာစီလိုနာအတွက် ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပြီး ဒီသွင်းဂိုးမတိုင်ခင် ကစားကွက်တည်ဆောက်ချိန် အန္တရာယ်ရှိတဲ့ကစားပုံဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ သိပ်မကြာခင် ပွဲချိန် ၅၃ မိနစ်မှာ လိုဆယ်လိုရဲ့ဖန်တီးပေးမှုမှတဆင့် အက်ဘ်ဘီက ဒုတိယမြောက်ချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်း ယာမယ်လ်နဲ့ ဗာလက်စ်တို့အကြား အချေအတင်စကားများရာမှတဆင့် ဘာနယ်လ်ပါ ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်လာလို့ နောက်ဆုံးမှာ ဘာနယ်လ်ကို အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ လက်ကျန်ပွဲချိန် ၆၂ မိနစ်နဲ့ ၈၁ မိနစ်တို့မှာ အဲရစ်ဂါစီယာနဲ့ ဒါနီအိုလ်မိုတို့က ဂိုးသွင်းယူသွားခဲ့လို့ ၂-၅ ဂိုးဆိုတဲ့ ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။
 
ချီလီလူမျိုးနည်းပြကတော့ ပွဲစဉ်အပေါ် သုံးသပ်ပြခဲ့သလို သူ့ရဲ့ကစားသမားတွေကိုလည်း ချီးကျူးခဲ့ပါတယ်။ ပယ်လီဂရီနီက "လက်ရှိ ဥရောပရဲ့အကောင်းဆုံးအသင်းနဲ့ ကျွန်တော်တို့ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ယာမယ်လ်ရဲ့အံ့ဖွယ်သွင်းဂိုးကြောင့် ဦးဆောင်ဂိုး အရင်ပေးလိုက်ရပေမဲ့ ပြန်လည်ချေပနိုင်ခဲ့သလို ဘယ်လာရင်ရဲ့အခွင့်အရေးဖန်တီးမှုမှတဆင့် ဦးဆောင်ဂိုးရရှိဖို့တောင် နီးစပ်ခဲ့ပါတယ်။ အဲ့ဒီနောက် သွင်းဂိုးပယ်ဖျက်ခံရတာတွေ၊ အနီကတ်ပြခံရတာတွေ ရှိလာခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ကစားပုံကို အမှန်တကယ်ထင်ဟပ်စေမယ့် ရလဒ်မျိုး မထွက်ပေါ်လာအောင် တားဆီးခဲ့တဲ့ အချက်တွေ အများကြီးရှိပါတယ်"

"အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျွန်တော် ကျေနပ်မိပြီး ဒီရလဒ်က ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံကို မျှမျှတတ မဖော်ပြနိုင်သလို ခံစားရပါတယ်"

"ဒီလိုမျိုးဘောလုံးကစားနေတဲ့ အသင်းနှစ်ခုရဲ့ ပွဲကြီးပွဲကောင်းကို ဖျက်ဆီးပစ်လိုက်တယ်ဆိုတာ ရှက်စရာကောင်းလွန်းပါတယ်။ ကွင်းထဲမှာရော၊ အိမ်မှာပါ အခုလိုအဆင့်အတန်းမြင့်မားလှတဲ့ပွဲစဉ်ကို ခံစားကြည့်ရှုနေတဲ့ ပရိသတ်တွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်"

"ပထမပယ်ဖျက်ခံရတဲ့ဂိုးမှာ သူတို့က ကူချိုဟာနန်ဒက်ဇ်ရဲ့လက်နဲ့ ဘောလုံးထိခဲ့တယ်လို့ဆိုပြီး လက်ထိဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါက ကူချိုဟာနန်ဒက်ဇ် တွန်းထုတ်ခံလိုက်ရလို့သာ ဘောလုံးကို လက်နဲ့ထိသွားခဲ့တာပါ။ ဒီဖြစ်ရပ်က ဂိုးရရှိစေတဲ့တိုက်စစ်ဆင်မှုနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ပြီးတော့ ဘာစီလိုနာသွင်းယူခဲ့တဲ့ တတိယဂိုးမတိုင်ခင် ကစားကွက်တည်ဆောက်ချိန်မှာလည်း ဘာစီလိုနာကစားသမားရဲ့ခြေထောက်က ဘက်တစ်ကစားသမားရဲ့ဦးခေါင်းအမြင့်လောက်အထိ ရောက်ရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ပယ်လီဂရီနီက ဘာနယ်လ်ရဲ့အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲစဉ်ရလဒ်ပိုင်းအပေါ် သက်ရောက်မှုကြီးမားခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ပယ်လီဂရီနီက "ယာမယ်လ်ကိုယ်တိုင် တွန်းထိုးပြီး ရန်စခဲ့လို့ ကျွန်တော်တို့ကစားသမားက တုံ့ပြန်ခဲ့တာပါ။ ဘောလုံးပွဲကို နားလည်တဲ့ ဒိုင်လူကြီးတစ်ဦးဆိုရင် သူတို့နှစ်ဦးလုံးကို ထိန်းထိန်းသိမ်းသိမ်းရှိစေမယ် သို့မဟုတ် နှစ်ဦးလုံးကို အနီကတ်ပြထုတ်ပယ်ပါလိမ့်မယ်။ ပွဲကတော့ အဲ့ဒီမှာတင် ‌ပြီးဆုံးသွားပါပြီ။ လာမယ့်သီတင်းပတ်၊ အယ်လ်ကလက်စီကိုပွဲစဉ်ရဲ့ဂုဏ်သိက္ခာ မထိခိုက်စေဖို့ ယာမယ်လ်ကို ကွင်းလယ်ဒိုင်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ အနီကတ်မပြဘဲ ချန်လှပ်ခဲ့တာမျိုး မဖြစ်နိုင်ဘူးလို့ ယုံကြည်မိပါတယ်" လို့ ဆိုပါတယ်။

လတ်တလောမှာ ပယ်လီဂရီနီက လာမယ့်ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်(၃)အဖြစ် ဖီယင်နုနဲ့ရင်ဆိုင်ရမယ့် ဥရောပပြိုင်ပွဲအပေါ် အပြည့်အ၀အာရုံစိုက်နေပါပြီ။ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ကစားသမားတွေ ချမှတ်ထားတဲ့ စံချိန်စံညွှန်းမြင့်မားမှုကိုလည်း ကျေနပ်နေပါတယ်။ "ဒါ အလွန်အရေးကြီးတဲ့ သုံးမှတ် ဖြစ်လာပါလိမ့်မယ်။ သုံးပွဲကစား၊ ကိုးမှတ်အပြည့် ရရှိထားမယ်ဆိုရင် လိဂ်အမှတ်ပေးဇယားကို စိတ်အေးအေးနဲ့ သုံးသပ်နိုင်ဖို့ရှိသလို ရှုံးထွက်အဆင့် တက်လှမ်းမယ့်လမ်းကြောင်းကိုလည်း ပိုမိုချောမွေ့စေပါလိမ့်မယ်။ အခုတော့ လာလီဂါကို ခဏဘေးဖယ်ထားလိုက်ပါပြီ။ ကျွန်တော်တို့ဆီမှာ စိတ်နှစ်မြှုပ်ထားတဲ့ အသင်းတစ်ခုရှိနေပြီး ရလဒ်ကောင်းတွေ ဆက်လက်ရရှိအောင် ကြိုးစားသွားပါမယ်" လို့ ပယ်လီဂရီနီက ပြောပါတယ်။