သံသယတွေ ရှိနေကြပေမဲ့ အန်းစလော့အပေါ် အပြည့်အ၀ထောက်ခံပေးခဲ့တဲ့ ကင်နီဒဲလ်ဂလစ်ရှ်
လီဗာပူးဂန္ထဝင်ဆာကင်နီဒဲလ်ဂလစ်ရှ်က နည်းပြအန်းစလော့ဘက်မှာ အပြည့်အဝရပ်တည်ပေးနေပါတယ်။ အခုရာသီက လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် စိတ်ပျက်စရာကောင်းခဲ့တယ်ဆိုတာကို လက်ခံပေမဲ့ အန်းစလော့အတွက် စိတ်ရှည်သည်းခံမှုရရှိဖို့ ထိုက်တန်တယ်လို့ ဒဲဂလစ်ရှ်က အခိုင်အမာပြောကြားလိုက်ပါတယ်။
"လူတစ်ယောက်ကို ချီးကျူးတာထက် ဝေဖန်ဖို့ဆိုတာ ပိုလွယ်ကူပါတယ်။ ဒီဘက်ခေတ်မှာ စိတ်ရှည်သည်းခံမှုတွေ တော်တော်လေးနည်းပါးလာပြီး အဲဒါက ပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ်မရှည်ဘူးဆိုရင် အောင်မြင်မှုရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ" လို့ ဒဲလ်ဂလစ်ရှ်က The Athletic ကို ပြောကြားခဲ့ပါတယ်။
"ဘယ်အရာမှ ညတွင်းချင်းဖြစ်တည်လာတာမျိုး မဟုတ်ပါဘူး။ ဘယ်သူမှလည်း ကလပ်အသင်းတစ်သင်းဆီ ရောက်ရောက်ချင်း ဆုဖလားတွေ ချက်ချင်းရယူနိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အမြင်တွေ ရှိကြပေမဲ့ တချို့အရာတွေမှာ အခုထက်ပိုပြီး အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုမျိုးတွေ ရှိသင့်ပါတယ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် "ကျွန်တော်တို့ ကြီးပြင်းလာတဲ့ပုံစံအရဆိုရင် နောက်လာမယ့်ပွဲကိုသာ အာရုံစိုက်သွားဖို့ပဲ ဖြစ်ပါတယ်။ အဲဒီထက်ပိုပြီး အဝေးကြီးကြည့်မနေပါနဲ့။ လီဗာပူးရဲ့ပြီးခဲ့တဲ့ပွဲစဉ်ခြေစွမ်းက အရမ်းကောင်းမွန်ခဲ့ပါတယ်။ သီတင်းပတ်တိုင်းသာ အခုလိုမျိုးခြေစွမ်းပြနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာဆောင်တဲ့အချက်တွေ အများကြီးရှိလာပါလိမ့်မယ်" လို့လည်း ဒဲလ်ဂလစ်ရှ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။