The network connection is lost.

Banner Image

အက်ဖ်အေဖလားနိုင်ပွဲအပြီး မိုဆာလက်ရဲ့ခြေစွမ်းကို ချီးကျူးခဲ့တဲ့ လီဗာပူးနည်းပြအန်းစလော့

ဘရိုက်တန်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလားပဉ္စမအဆင့်ဆီ တက်ရောက်ခဲ့ပြီးနောက် အသင်းအတွက် မိုဆာလက်ရဲ့ဘက်စုံပါဝင်ကူညီမှုကို လီဗာပူးနည်းပြအန်းစလော့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အီဂျစ်လက်ရွေးစင်ကစားသမားက ဆိုဘိုစလိုင်းရဲ့ ဒုတိယမြောက်ဂိုးအတွက် လှလှပပဖန်တီးပေးခဲ့သလို အသင်းအတွက် ဂိုးပြတ်အနိုင်ရရှိစေမယ့် ပယ်နယ်တီအခွင့်အရေးကိုလည်း ကိုယ်တိုင်ကန်သွင်းယူခဲ့ပါတယ်။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ ကာတစ်ဂျုံးစ်က သွင်းယူပေးခဲ့တာပါ။

မိုဆာလက်ရဲ့အခုရာသီခြေစွမ်းပိုင်းက အတိတ်ကာလတွေလောက် ထူးခြားလှခြင်းမရှိသလို အခုသွင်းဂိုးမှာလည်း နိုဝင်ဘာ ၁ ရက်နောက်ပိုင်း အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးသာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဖရိကဖလားမှပြန်လာပြီးနောက်ပိုင်း အသက်-၃၃ နှစ်အရွယ်ကစားသမားက အသင်းရဲ့အခန်းကဏ္ဍသစ်မှာ အသားကျလာပုံရပါတယ်။ အာဖရိကဖလားပြိုင်ပွဲမတိုင်ခင်ကာလတွေမှာ မိုဆာလက်က ရန်ခုံမကြာခဏထိုင်ခဲ့ရပြီး နည်းပြအန်းစလော့နဲ့ပါ အဆင်မပြေဖြစ်ခဲ့လို့ အနာဂတ်မရေမရာ ဖြစ်ခဲ့ပါသေးတယ်။

"ဂိုးသွင်းသူစာရင်းမှာ မိုဆာလက်ပြန်ပါလာမှုကို မြင်တွေ့ရလို့ တကယ်ဝမ်းသာမိပါတယ်။ ကျွန်တော် အကြိုက်ဆုံးအချက်ကတော့ သူဂိုးသွင်းတာထက် (ဒါကတော့ သူ့ဆီက အမြဲမျှော်လင့်ထားလို့ရတာပါပဲ) အသင်းရဲ့ ခံစစ်ပိုင်းကိုပါ အများကြီးကူညီပေးနေတာပါ။ ဒါဟာ တကယ့်ကိုကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်" လို့ လီဗာပူးနည်းပြက ပြောပါတယ်။

ပွဲစဉ်အပြီးမှာ မိုဆာလက်က သူ့ရဲ့အသင်းဖော်ဆိုဘိုဆလိုင်းကို လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်အဖြစ် ချီးကျူးခဲ့ပြီး အန်းစေလာ့ကိုယ်တိုင် ဒီအချက်ကို သဘောတူခဲ့ပါတယ်။

"ကမ္ဘာပေါ်မှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိပေမဲ့ ဆိုဘိုဆလိုင်းကို အဲ့ဒီကစားသမားတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခဲ့တဲ့ မိုဆာလက်ကို ကျွန်တော်လုံးဝထောက်ခံပါတယ်။" လို့ နယ်သာလန်လူမျိုးနည်းပြက ထပ်လောင်းပြောကြားခဲ့ပြီး ဟန်ဂေရီအသင်းခေါင်းဆောင်ဟာ အသင်းဆီရောက်ရှိလာတဲ့ ကစားသမားတွေအတွက် အတုယူစရာစံနမူနာကောင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

"ဆိုဘိုဆလိုင်းက ကျွန်တော်တို့အသင်းကျင့်သုံးနေတဲ့ပုံစံအတွက် စံနမူနာကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့က တခြားလိဂ်တွေမှ လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။ သူဆိုရင် လိုက်ပ်ဇစ်မှ ရောက်ရှိလာခဲ့ပြီး ကြံ့ခိုင်မှုပိုင်းကောင်းမွန်တဲ့ကစားသမားအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

ကျွန်တော်တို့ ခေါ်ယူခဲ့စဉ်ကတည်းက သူက ထူးချွန်ထက်မြက်ပြီးသားပါ။ ဒါပေမဲ့ အခုချိန်မှာတော့ သူက လွန်ခဲ့တဲ့နှစ်နှစ်ခွဲတာကာလထက် အများကြီး ပိုကောင်းလာပါပြီ။ လူငယ်ကစားသမားတွေကို ခေါ်ယူပြီး အချိန်ပေးမယ်၊ ပွဲတွေအများကြီးကစားခိုင်းမယ်ဆိုရင် ဒါမျိုးတွေ ရရှိလာပါလိမ့်မယ်။

ဒါကြောင့်လည်း တခြားလိဂ်တွေမှ ကျွန်တော်တို့ခေါ်ယူထားတဲ့ ကစားသမားတွေလည်း သူ့လိုပဲ တိုးတက်လာပါလိမ့်မယ်။ သူတို့တွေတိုးတက်လာတာကို မြင်နေရပြီဖြစ်သလို နောက်ရာသီ၊ ဒါမှမဟုတ် နောက်နှစ်ရာသီလောက်မှာဆိုရင် ဘွန်ဒက်လီဂါမှရောက်လာတဲ့ ဟူဂိုအီကီတီကီနဲ့ ဖလော်ရီယန်ဝစ်ဇ်တို့လို ကစားသမားတွေလည်း အခုထက်ပိုကောင်းလာပါဦးမယ်" လို့ ဆိုပါတယ်။