ဒဏ်ရာကြောင့် မေဂျာလိဂ် All-Star ပွဲစဉ်နဲ့ လွဲချော်မယ့် မက်ဆီ
ကိုလံဘီယာကိုအနိုင်ရရှိကာ ကိုပါအမေရိကဖလားအောင်ပွဲ ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် အာဂျင်တီးနားစတားမက်ဆီက အခုသီတင်းပတ်အတွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် မေဂျာလိဂ် All-Star ပွဲစဉ်ကို လွဲချော်လိမ့်မယ်လို့ မေဂျာလိဂ်ဘက်မှ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
အလားတူ မက်ဆီရဲ့အသင်းဖော် ဆွာရက်ဇ်လည်း ဒူးမသက်မသာဖြစ်နေတယ်လို့ ဖော်ပြခဲ့ပြီး အခုပွဲစဉ်ကို လွဲချော်လိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ အသင်းရဲ့ဘာစီလိုနာကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဘတ်စ်ကွက်နဲ့ အယ်လ်ဘာတို့ကတော့ မေဂျာလိဂ် All-Star ပွဲစဉ်ကို ပါဝင်ကစားနိုင်ပါလိမ့်မယ်။
မက်ဆီနဲ့ ဆွာရက်ဇ်တို့က မနက်ဖြန်(ဗုဒ္ဓဟူးနေ့)၊ အိုဟိုင်းယိုပြည်နယ်၊ ကိုလံဘတ်စ်မြို့မှာ ကစားမယ့် မေဂျာလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်း ၁၈ ခုမှ အကောင်းဆုံး ကစားသမားတွေကို စုစည်းထားတဲ့ All-Star အသင်းနဲ့ လီဂါမက္ကဆီကို All-Star အသင်းတို့ရဲ့ပွဲစဉ်ကို လွဲချော်ရပါမယ်။ အခုပွဲစဉ်မှာသာ မက်ဆီကစားနိုင်မယ်ဆိုရင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ အင်တာမီယာမီဆီ ရောက်ရှိလာတဲ့ အသက်-၃၇ နှစ်အရွယ် ကစားသမားရဲ့ မေဂျာလိဂ် All-Star ပွဲဦးထွက်ဖြစ်လာပါလိမ့်မယ်။
ဒဏ်ရာရနေတဲ့ မက်ဆီက တိုရွန်တိုအက်ဖ်စီနဲ့ ချီကာဂိုဖိုင်းယားအက်ဖ်စီတို့ကို အနိုင်ရရှိတဲ့ အင်တာမီယာမီရဲ့လတ်တလောပွဲစဉ်နှစ်ခုကိုလည်း လွဲချော်ခဲ့ပါတယ်။ ဘော်လွန်းဒီအော်ရှစ်ကြိမ်ဆုရှင်က ၂၀၂၄ ခုနှစ်အတွင်း အင်တာမီယာမီအတွက် ပထမဆုံးပွဲစဉ် ၁၂ ပွဲမှာ ၁၂ ဂိုးသွင်း၊ ၁၃ ကြိမ် ဂိုးဖန်တီးပေးရင်း မေဂျာလိဂ်ဘောလုံးရာသီတစ်ခုအတွင်း ဂိုးပါဝင်ပတ်သက်မှု ၂၅ ကြိမ်ကို အမြန်ဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
မက်ဆီနဲ့ ဆွာရက်ဇ်တို့အပြင် ရီးရဲလ်ဆော့လိတ်တိုက်စစ်မှူးအာရန်ဂိုလည်း မေဂျာလိဂ် All-Star အသင်းမှာ မပါဝင်လာနိုင်ပါဘူး။ အခုဘောလုံးရာသီ၊ ရွှေဖိနပ်ဆုရှင်စာရင်းမှာ ထိပ်ဆုံးနေရာမှဦးဆောင်နေတဲ့ အာရန်ဂိုက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးမှုကိစ္စတွေနဲ့ လေးပွဲပယ်ပြစ်ဒဏ်ကို ကျခံနေရပါတယ်။