နူးကမ့်ကွင်းကြီးထဲကို မက်ဆီဘယ်လိုဝင်ရောက်ခဲ့သလဲ ရှင်းပြပြောဆိုလာတဲ့ လာပေါ်တာ
ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာက မကြာသေးမီက ဘောလုံးပရိသတ်တွေအံ့အားသင့်ခဲ့ရတဲ့ နူးကမ့်ကွင်းထဲသို့ အသင်းရဲ့ဂန္ထဝင်လီယွန်နယ်မက်ဆီ အချိန်မတော်ဝင်ရောက်ခဲ့မှုနဲ့ပတ်သက်ပြီး ရှင်းပြပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အတောက်ပဆုံးသော ဂန္ထဝင်ကစားသမား မက်ဆီဟာ မကြာသေးမီက အသစ်ပြန်လည်ပြုပြင်နေခဲ့တဲ့ နူးကမ့်ကွင်းကြီးထဲသို့ ဝင်ရောက်ခဲ့ပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှတစ်ဆင့်ဝေမျှခဲ့တာကြောင့် ပရိသတ်တွေအကြား အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။
မက်ဆီအနေနဲ့ နူးကမ့်သို့လာရောက်မယ့်အကြောင်း ဘာစီလိုနာအသင်းထံ ကြိုတင်အကြောင်းကြားထားခဲ့ခြင်းမရှိသလို၊ ထိုစဉ်က ကွင်းကလည်း ဆောက်လုပ်ဆဲကာလဖြစ်ပြီး ပိတ်ထားကြောင့် မက်ဆီတစ်ယောက် ကွင်းထဲဘယ်လိုဝင်သွားခဲ့သလဲ မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။
ယခုအခါမှာတော့ လာပေါ်တာက "မက်ဆီက သူ့ရဲ့လက်ရွေးစင်အသင်းက သူငယ်ချင်းအချို့၊ ပီပီကော်စတာတို့နဲ့အတူရောက်လာခဲ့တာပါ။ ကွင်းမှာ မီးတွေလည်းလင်းနေတော့ သူတို့ ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်ထင်ပါတယ်။ လုံခြုံရေးအရာရှိကနေတစ်ဆင့် ကွင်းညှိနှိုင်းရေးမှူးဆီဖုန်းဆက်ပြီး သူတို့ဝင်ခွင့်ရခဲ့ကြတာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လာပေါ်တာက "ကလပ်ရဲ့ ၁၂၅ နှစ်တာသက်တမ်းတစ်လျှောက်မှာ မက်ဆီရှိခဲ့တဲ့ အခိုက်အတန့်တွေက အထူးခြားဆုံးနဲ့ ဂုဏ်အယူရဆုံးအချိန်တွေထဲကတစ်ခုပါ။ သူကို ထိုက်တန်တဲ့အသိအမှတ်ပြုမှုပေးဖို့လိုပါတယ်။ သူက ဘာစီလိုနာနဲ့အမြဲတမ်းဆက်နွယ်နေခဲ့သူဖြစ်ပြီးအသင်းအတွက်အများကြီးပေးဆပ်ခဲ့သလို၊ အသင်းဘက်ကလည်း သူ့ကိုအများကြီးပြန်ပေးခဲ့ပါတယ်"
"ကျွန်တော်တို့ပြန်ဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်။ ဒါက သူ့အပေါ်မှာလည်းမူတည်ပေမယ့် ကျွန်တော်တို့ကတော့ သူ့အတွက်ဂုဏ်ပြုပွဲ၊ ရုပ်တုတွေနဲ့ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးသွားဖို့ အဆင်သင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။