The network connection is lost.

Banner Image

မက်ဆီကို နူးကမ့်မှာပြန်မြင်ရလို့ ဝမ်းသာမိကြောင်းပြောကြားလာတဲ့ လာပေါ်တာ

ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာက အသင်းရဲ့ဂန္ထဝင်ကစားသမားဟောင်း လီယွန်နယ်မက်ဆီကို အသင်းရဲ့အိမ်ကွင်း နူးကမ့်မှာ ပြန်လည်မြင်တွေ့ခဲ့ရလို့ ဝမ်းသာမိကြောင်းနဲ့ မက်ဆီဟာ ဘယ်သူ့ကိုမှအသိပေးခြင်းမရှိဘဲ ကွင်းထဲသို့ တိတ်တဆိတ်ပြန်လာတာဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ဆယ်လ်တာဗီဂိုနဲ့ ဘာစီလိုနာတို့ကစားနေချိန်မှာ ပြန်လည်မဖွင့်လှစ်ရသေးတဲ့ အသင်းရဲ့အိမ်ကွင်းနူးကမ့်သို့ ဘယ်သူ့ကိုမှအသိပေးခြင်းမရှိဘဲ တစ်ယောက်တည်း အလည်တစ်ခေါက်ပြန်လာခဲ့တာဖြစ်ပါတယ်။  ယခုအခါမှာ မီယာမီသို့ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့မက်ဆီက နူးကမ့်သို့သွားရောက်ခဲ့ကြောင်းကို "မနေ့က ကျွန်တော့်ရဲ့စိတ်ဝိညာဉ်အစပြုခဲ့တဲ့နေရာကို တမ်းတလွမ်းဆွတ်စိတ်နဲ့ ပြန်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ ကျွန်တော်က ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူတစ်ယောက်အဖြစ် အကြိမ်ပေါင်း ၁ ထောင်လောက် ခံစားခဲ့ရတဲ့နေရာပါ။ တစ်နေ့နေ့မှာ ဒီနေရာကိုပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

မက်ဆီရုတ်တရက်နူးကမ့်သို့ဝင်ရောက်လည်ပတ်သွားခြင်းနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာ လာပေါ်တာက "ကျွန်တော်သူလာတယ်ဆိုတာ နောက်မှသိခဲ့ရပါတယ်။ ဒါက ဘာစီလိုနာပရိသတ်တစ်ယောက်ရဲ့ စိတ်ထဲကဖြစ်ချင်တဲ့အရာဖြစ်ပါလိမ့်မယ်။ ကျွန်တော်သူလာသွားတယ်ဆိုတာ သိတောင်မသိလိုက်ပါဘူး။ ဒါက သူ့အိမ်ပါပဲ" "သူက သူငယ်ချင်းတွေနဲ့အတူ ဘာစီလိုနာကိုလာခဲ့တာဖြစ်ပြီး ညစာစားပြီးချိန်မှ နူးကမ့်ကိုရုတ်တရက်ထွက်လာခဲ့တာပါ။ ကျွန်တော်နဲ့သူနဲ့ကြားက ဆက်ဆံရေးက ပုံမှန်ပါပဲ။ သူကအခု အင်တာမီယာမီမှာကစားနေတာပါ။ သူ့ကို ဘာစီလိုနာကအမြဲတမ်းကြိုဆိုနေပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးဂုဏ်ပြုပွဲနဲ့ထိုက်တန်တဲ့သူပါ။ သူ့ရဲ့ဂုဏ်ပြုပွဲကိုပရိသတ် ၁ သိန်း ၅ ထောင်ရှေ့မှာ ကျင်းပပေးနိုင်ရင် အရမ်းကောင်းမှာပါ" လို့ပြောကြားခဲ့ပါတယ်။

မက်ဆီ ဘာစီလိုနာကနေ ထွက်ခွာခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း လာပေါ်တာက "ကျွန်တော် နောင်တမရပါဘူး။ ဘာစီလိုနာက အရာအားလုံးထက်အရေးကြီးပါတယ်။ သူအသင်းမှာဆက်နေဖို့ မဖြစ်နိုင်ခဲ့လို့ပါ။ ဒါပေမယ့် ဂုဏ်ပြုပွဲက အဲဒီအတွက်အထောက်အကူဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မက်ဆီကို ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ပြန်လည်ခေါ်ယူဖို့အစီအစဉ်ရှိမရှိမေးမြန်းခဲ့ရာ လာပေါ်တာက "မက်ဆီအပေါ်အလေးထားမှုနဲ့ ကလပ်ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားတွေအပေါ်အလေးထားမှုအရ သူ့ကိုပြန်ခေါ်ဖို့ဆိုတာ လက်တွေ့မကျတဲ့မှန်းဆချက်တစ်ခုပါ။ ဒါက မဖြစ်နိုင်ပါဘူး" လို့ဖြေကြားခဲ့ပါတယ်။