
ဇွန်လမှာကန်မယ့်ပွဲစဉ်တွေအတွက် အာဂျင်တီးနားလူစာရင်းမှာ မက်ဆီပါဝင်လာ
အင်တာမိုင်ယာမီစတား မက်ဆီတစ်ယောက် လာမယ့်ဇွန်လမှာကန်မယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းရဲ့ ပဏာမလူစာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ လာမယ့်ဇွန်လမှာ ချီလီ ၊ ကိုလံဘီယာတို့နဲ့ကန်ရမှာဖြစ်ပြီး မတ်လတုန်းက မက်ဆီမပါဝင်နိုင်ခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ကိုရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
“နိုင်ငံအသင်းအတွက် အရေးပါတဲ့ ၂ ပွဲဖြစ်တဲ့ ဥရုဂွေး ၊ ဘရာဇီးနဲ့ပွဲတွေကို လွဲချော်ခဲ့တာက ရှက်စရာပါ။ ကျွန်တော် အမြဲတမ်းအဲ့ပွဲတွေမှာ ပါဝင်ချင်ခဲ့တာပါ။ ဒါပေမယ့် အဆုံးသတ်မှာ ဒဏ်ရာအခြေအနေကြောင့် အနားယူခဲ့ရပါတယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အခုလနှောင်းပိုင်းထဲမှာတင် အင်တာမိုင်ယာမီအတွက် ပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး အဲ့ကတည်းက အသင်းအတွက် ပြိုင်ပွဲစုံ ၆ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။အသက် ၃၇ နှစ်သားဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမှာဖြစ်ပြီး ပြိုင်ပွဲက လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
နည်းပြ စကာလိုနီရဲ့အသင်းမှာ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ ဒိုမင်ဂွက်ဇ်လည်း ပါဝင်လာခဲ့သလို နောက်ခံလူ ဘာကို ၊ တိုက်စစ်မှူး ကက်စတယ်လီနိုတို့လည်း ပါဝင်လာခဲ့ပါတယ်။