ဘရာဇီးက ကမ္ဘာ့ဖလားမှာ ရေပန်းအစားဆုံးအသင်းမဟုတ်ဘူးလို့ ဗင်နီစီးယက်စ် ပြောကြား
လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်း ဗိုလ်စွဲနိုင်ခြေတွေနဲ့ ပတ်သက်ပြီး ဗင်နီစီးယက်စ်ဂျူနီယာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဘရာဇီးအသင်းက ပြင်သစ်၊ ပနားမား၊ ခရိုအေးရှားတို့နဲ့ ခြေစမ်းပွဲတွေကစားဖို့ ရှိနေပါတယ်။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု (C) မှာ မော်ရိုကို၊ စကော့တလန်၊ ဟေတီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်လို့ အုပ်စုတက်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။ ဘရာဇီးအသင်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို မရခဲ့တာကြောင့် ဒီနှစ်မှာတော့ ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို အရယူနိုင်ဖို့ အားခဲ့ထားခဲ့ပါတယ်။
ယနေ့ည ပြင်သစ်နဲ့ ခြေစမ်းပွဲမတိုင်ခင် ဘရာဇီးက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းလားလို့ သတင်းထောက်တွေက ဗင်နီစီးယက်စ်ကို မေးမြန်းခဲ့ကြပါတယ်။
ဗင်နီစီးယက်စ်က"ကျွန်တော်တို့က ကမ္ဘာ့ဖလားရဖို့ ရေပန်းအစားဆုံး မဟုတ်ပါဘူး။
ကျွန်တော်တို့က ဘရာဇီးအသင်းကို ထိုက်တန်တဲ့ နေရာတစ်ခုဆီပဲ ပို့ဆောင်ချင်တာပါ။ ရေပန်းအစားဆုံး ဆိုတာမျိုးတွေ မပြောကြပါနဲ့ဦး" လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလူစာရင်းကနေ နေမာကို ချန်လှပ်ခဲ့တာနဲ့ပတ်သက်ပြီး ဗင်နီစီးယက်စ်က"နေမာက ကျွန်တော့်ရဲ့ အလေးစားရဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူက အကောင်းဆုံးပုံစံ ပြန်ရဖို့နဲ့ အသင်းဆီ ပြန်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။
ဆုံးဖြတ်ချက်ကတော့ နည်းပြအပေါ်မှာပဲ မူတည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အမြဲတမ်း အကောင်းဆုံးကစားသမားတွေနဲ့ပဲ အတူကစားချင်တာပါ၊ နေမာကလည်း အဲ့ဒီထဲက တစ်ယောက်ပါပဲ" လို့ ပြောခဲ့တယ်။