
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းပေါင်း ၆၄ သင်းအထိ ထည့်သွင်းဖို့ ဆွေးနွေးမှုပြုလုပ်
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဂျီယန်နီအင်ဖန်တီနိုနဲ့တွေ့ဆုံပြီး လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းပေါင်း ၆၄ သင်းအထိ ထည့်သွင်းကျင်းပဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ငံပေါင်း ၄၈ နိုင်ငံသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့သတ်မှတ်ထားပေမယ့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ၂၀၃၀ မှာ တောင်အမေရိကနိုင်ငံ ၁၀ နိုင်ငံလုံးပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အခုလိုပဲ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲဖို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အလီဂျန်ဒရိုဒိုမင်ဂွက်ဇ်အပါအဝင် အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်မှ အကြီးအကဲတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဒိုမင်ဂွက်ဇ်က "၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲက သမိုင်းဝင်ပြိုင်ပွဲဖြစ်လာမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ကျွန်တော်တို့ကိုဖိတ်ခေါ်ပြီး ဆွေးနွေးတိုင်ပင်ပေးခဲ့တဲ့ ဥက္ကဌ အင်ဖန်တီနိုကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဘောလုံးကို တစ်ကမ္ဘာလုံးကအသင်းတွေဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင် ဒါက ကမ္ဘာလုံးဆိုင်ရာပွဲတော်ဖြစ်လာမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ထိုစဉ်က ဥရုဂွေးက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ ဒါကြောင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နှစ် ၁၀၀ ပြည့်မြောက် ပြိုင်ပွဲဖြစ်လာမှာဖြစ်ပြီး စတင်ကျင်းပခဲ့ရာ ဥရုဂွေးနိုင်ငံအပါအဝင် ဥရောပနဲ့ အာဖရိကတို့ကလည်း အိမ်ရှင်အဖြစ် တိုက်ကြီး ၃ တိုက်ပေါင်းပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အခုလို ဖီဖာနဲ့ တောင်အမေရိကအကြီးအကဲတွေရဲ့အဆိုပြုချက်ကို ထောက်ခံကြသူတွေရှိသလို၊ ဆန့်ကျင်ကန့်ကွက်သူတွေလည်းရှိခဲ့ပါတယ်။ ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်ဒါဆီဖာရင်ကတော့ အခုလို အသင်းပေါင်း ၆၄ သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးတာဟာ ကောင်းမွန်တဲ့အကြံဉာဏ်မဟုတ်ဘူးလို့ဆိုပါတယ်။
ဆီဖာရင်က "ဒီအဆိုပြုချက်က ခင်ဗျားတို့ထက်တောင် ကျွန်တော့်ကိုပိုပြီးအံ့အားသင့်စေပါတယ်။ ဒါက ကောင်းမွန်တဲ့ အကြံဉာဏ်မဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အချို့ဘောလုံးဝေဖန်သုံးသပ်သူတွေကလည်း ဒီလို အသင်းပမာဏတိုးချဲ့လိုက်ခြင်းဟာ ပြိုင်ပွဲရဲ့အရည်အသွေးကို နိမ့်ကျစေကြောင်းနဲ့ ခြေစစ်ပွဲအောင်မြင်ခြင်းရဲ့အရေးပါမှု ကိုလည်း လျော့နည်းစေတယ်လို့ ဝေဖန်ထောက်ပြထားကြပါတယ်။