
နည်းပြအာမိုရင်လက်အောက်မှာ နေရာရမယ်လို့ ယုံကြည်ကြောင်း ပြောကြားလာတဲ့ မေဆင်မောင့်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် မေဆင်မောင့်က သူ့အနေနဲ့ နည်းပြရူဘင်အာမိုရင် အသုံးပြုသွားမယ့် အသင်းရဲ့နည်းစနစ်အသစ်တွေထဲမှာ နေရာရဖို့အတွက် တိုက်ပွဲဝင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေခဲ့ရတဲ့ မေဆင်မောင့်ဟာ ရာသီကုန်ခါနီးမှသာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝခဲ့တာကြောင့် တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။
ယခုနွေရာသီအတွင်း ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ ပေါင် ၁၃၅ သန်းအထိအသုံးပြုပြီး မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကို ခေါ်ယူထားပေမယ့် မောင့်ကတော့ သူ့အနေနဲ့ နေရာတစ်နေရာကို အမိအရဆုပ်ကိုင်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အင်္ဂလန်သားက "ကျွန်တော့်အနေနဲ့ နေရာအတွက်တိုက်ပွဲဝင်သွားရပါမယ်။ ယူနိုက်တက်လိုအသင်းမှာကစားရင် ဒီလိုတိုက်ပွဲတွေက မဖြစ်မနေကြုံရမှာပါပဲ။ အသင်းလိုက်ကစားကွက်ပိုမိုကောင်းမွန်လာဖို့အတွက် ဒီလိုလုပ်ကြရတာပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ အသင်းက လုံလောက်အောင်မကောင်းခဲ့ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် အနာဂတ်မှာ ပိုကောင်းတဲ့အခြေအနေကိုရောက်ရှိဖို့ ကြိုးစားနေပါတယ်"
"ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘာမဆိုလုပ်နိုင်တဲ့ကစားသမားဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးကိုအသင်းလိုက်လုပ်ဆောင်သွားနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် ကစားသမားသစ်တွေရောက်လာပြီဆိုတော့ သူတို့နဲ့အတူပူးပေါင်းပြီး အဆင့်အတန်းတစ်ခုဆီကို အရောက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက မောင့်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ယူနိုက်တက်အတွက် စုစုပေါင်း ၅ ပွဲသာပွဲထွက်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြအာမိုရင်ကတော့ မောင့်ရဲ့ခြေစွမ်းကို အတော်လေးသဘောကျပုံပေါ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာပါ ပွဲထုတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့ပေမယ့် နောက်ရာသီမှာ ဥရောဝင်ခွင့်ရဖို့ ကြိုးစားသွားမယ့်အကြောင်းကို မောင့်က "ကျွန်တော်တို့ ဥရောပပြိုင်ပွဲတွေမှာ ကစားချင်ပါတယ်။ ဒါက အသင်းအတွက်ကြီးမားတဲ့အခွင့်အရေးပါ။ ပရီးမီးယားလိဂ်ကဘယ်လောက်အထိခက်တယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်"
"နည်းပြက အသေးစိတ်အချက်အလက်လေးတွေကိုတောင်မှ သေချာဂရုစိုက်တတ်တဲ့လူမျိုးပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ရာသီသစ်မှာတော့ ပုံစံအသစ်နဲ့ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကစားဖို့အဆင်သင့်ဖြစ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။