အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဓာတ်ပိုင်းကြောင့် နိုင်ပွဲရရှိခဲ့တယ်လို့ ချဲလ်ဆီးဂိုးသမားရောဘတ်ဆန်းချက်ဇ်ပြောကြား
ချဲလ်ဆီးဂိုးသမားရောဘတ်ဆန်းချက်ဇ်က လိဒ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူတို့အသင်း အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ ချဲလ်ဆီးက အန်ဇိုဖာနန်ဒက်စ်ရဲ့ပွဲချိန်အစောပိုင်းခေါင်းတိုက်ဂိုးနဲ့အတူ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အခုဘောလုံးရာသီရဲ့အက်ဖ်အေဖလားဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
TNT Sports နဲ့ အင်တာဗျူးမှာ ရောဘတ်ဆန်းချက်ဇ်က "ဒါ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ ကစားသမားတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ကြတယ်။ လေ့ကျင့်ရေးကွင်းမှာ လူတိုင်း အကောင်းမြင်စိတ်ရှိနေအောင် ကျွန်တော်တို့ ကြိုးစားခဲ့ကြပြီး အခုတော့ နောက်ထပ် ဗိုလ်လုပွဲတစ်ခုကို တက်နိုင်ခဲ့ပါပြီ။ ဒါ ကျွန်တော်တို့အားလုံး ကြိုးစားအားထုတ်ခဲ့တဲ့ အရာဖြစ်သလို တကယ့်ကို ကောင်းမွန်လွန်းပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော် ပျော်ပါတယ်။ ကိုယ့်အလုပ်ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ ဘောလုံးသမားဘဝမှာ အတက်အကျတွေ ရှိတာပါပဲ။ ဒီရာသီမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မိပေမဲ့ အကောင်းဆုံးပုံစံနဲ့ပဲ ရာသီကို အဆုံးသတ်ချင်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ် ၄ ပွဲနဲ့ ဗိုလ်လုပွဲတစ်ပွဲ ကစားဖို့ ကျန်ပါသေးတယ်" လို့ ဆိုပါတယ်။
သွင်းဂိုးနဲ့ ပတ်သက်ပြီးတော့လည်း "အဲ့ဒီဂိုးက လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ထားတဲ့အတိုင်း ကွက်တိပါပဲ။ ကျွန်တော်တို့ ဒါကို အခါခါ လေ့ကျင့်ခဲ့ကြတာပါ။ ကစားသမားတွေကလည်း Second ball အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ ပြီးပြည့်စုံပါတယ်။ သူတို့တွေက အခုလို အခိုက်အတန့်မျိုးနဲ့ ထိုက်တန်ပါတယ်။ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ပြီးနောက်မှာ အခုလိုမျိုး ပြန်လည်ပေးဆပ်နိုင်ခဲ့တာ ကောင်းပါတယ်" လို့ ဆန်းချက်ဇ်က ဆက်ပြောပါတယ်။
ယာယီနည်းပြမက်ဖာလိန်းရဲ့မှာကြားချက်နဲ့ ပတ်သက်ပြီး ဆန်းချက်ဇ်က "အကောင်းမြင်စိတ်ထားဖို့နဲ့ နောက်လာမယ့်ပွဲစဉ်တွေကိုပဲ အာရုံစိုက်ဖို့ပါပဲ။ လက်ကျန်ပွဲစဉ်တွေမှာ အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်သလို ဗိုလ်လုပွဲမှာ အနိုင်ရဖို့ကလည်း ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။