အက်သလက်တီကိုမက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ဖူးတယ်လို့ မော့စ်ကွီယာ ဝန်ခံ
အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ခရစ္စတီယန် မော့စ်ကွီယာက ပြီးခဲ့တဲ့နှစ်တုန်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့ဖူးတယ်ဆိုတာကို ပြန်လည်ပြောပြခဲ့ပါတယ်။
မော့စ်ကွီယာဟာ ပြီးခဲ့တဲ့နှစ်ကမှ ဗလင်စီယာအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။
ဒီတစ်ပတ်မှာ ကစားရမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မတိုင်ခင်မှာ မော့စ်ကွီယာက အခုလို ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူက AS သတင်းဌာနကို "တကယ်တော့ သတင်းတွေ ထွက်ခဲ့တာ အမှန်ပါပဲ။ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကိုတော့ အေးဂျင့်ကပဲ တာဝန်ယူ ကိုင်တွယ်ပါတယ်။ တကယ့်ကို ထူးထူးခြားခြား တစ်ခုခု မရှိမချင်း ကျွန်တော့်ကို ဘာမှမပြောဖို့ သူ့ကို မှာထားတာကြောင့် သူပဲ အားလုံးကို စီမံတာပါ။ ဒါပေမဲ့ အက်သလက်တီကိုနဲ့ ဆက်သွယ်မှုတချို့ ရှိခဲ့တာကတော့ အမှန်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။