အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်း ပြောကြားလာတဲ့ ပက်ဒရို
ချဲလ်ဆီးတိုက်စစ်မှူး ဂျာအိုပက်ဒရိုဟာ တနင်္ဂနွေနေ့က လိဒ်ယူနိုက်တက်ကို အနိုင်ရပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အောင်ပွဲခံနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ ဝမ်ဘလေကွင်းမှာ ချဲလ်ဆီးအသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာ ပက်ဒရိုဟာ ကာလရှည် ဒဏ်ရာရရှိခဲ့ရာကနေ ပထမဦးဆုံးအကြိမ် ပြန်လည်ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးမှာ သူက "ကျွန်တော်တို့ ခက်ခဲတဲ့ ရက်သတ္တပတ်တစ်ခုကို ဖြတ်သန်းခဲ့ရပေမဲ့ အခုလို အနိုင်ရလိုက်တာဟာ ရှေ့ဆက်ဖို့အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုပါပဲ။ ပရီမီယံလိဂ်ပွဲစဉ်တွေလည်း ကျန်ပါသေးတယ်၊ ကျွန်တော်တို့မှာ ရည်မှန်းချက်တွေ ရှိပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ကို ပိုပြီး ယုံကြည်မှု ရှိလာစေပါလိမ့်မယ်။ ဗိုလ်လုပွဲက စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းနှစ်သင်းစလုံးက အနိုင်ရဖို့အတွက် ကစားကြမှာဖြစ်ပေမဲ့ ကျွန်တော်တို့ပဲ ဗိုလ်လုပွဲမှာ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပက်ဒရိုက "ကျွန်တော် ဒဏ်ရာရနေစဉ်အတွင်း အသင်းဖော်တွေ အခက်တွေ့နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရှုံးပွဲအချို့လည်း ရှိခဲ့တဲ့အတွက် ကျွန်တော် အမြန်ဆုံးပြန်ကစားနိုင်အောင် ကြိုးစားခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ပွဲပြီးခါနီးမှာ နည်းနည်းတော့ ပင်ပန်းခဲ့ပေမဲ့ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ အခုတော့ ဗိုလ်လုပွဲအတွက်ပဲ အာရုံစိုက်ရတော့မှာပါ" လို့ ဆိုပါတယ်။
အနိုင်ဂိုးရှင် အန်ဇိုဖာနန်ဒက်ဇ်နဲ့ ပတ်သက်ပြီးတော့လည်း ၎င်းက "အန်ဇိုက အသင်းရဲ့ ခေါင်းဆောင်တစ်ယောက်ပါ၊ ဒါကြောင့် သူ့နဲ့အတူ တွဲကစားရတာကို ကျွန်တော် တကယ်ပဲ ဝမ်းသာပါတယ်။ ကျွန်တော်တို့ အချင်းချင်း အများကြီး စကားပြောဖြစ်ကြသလို အသင်းကိုရော တစ်ဦးနဲ့တစ်ဦးကိုပါ ကူညီပေးဖို့ ကြိုးစားကြပါတယ်။ ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ နားလည်မှုရှိတယ်လို့ ထင်ပါတယ်၊ သူ အနိုင်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော် အရမ်းဝမ်းသာပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။