The network connection is lost.

Banner Image

ဂရီးလစ်ရှ်နေရာမှာအစားထိုးဖို့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုကို ပစ်မှတ်ထားလာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ယခုနွေရာသီအတွင်း အသင်းမှအပြီးသတ်ထွက်ခွာသွားဖွယ်ရှိတဲ့ တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်နေရမှာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုကလည်း မန်စီးတီးဟာ ရိုဒရီဂိုကိုခေါ်ယူဖို့ စိတ်ဝင်တစားစောင့်ကြည့်နေကြောင်း ဖော်ပြအသိပေးထားပါတယ်။ 

နည်းပြကြီး ပက်ဂွါဒီယိုလာအနေနဲ့ ရိုဒရီဂိုကို ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ဘရာဇီးလက်ရွေးစင်အတွက်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ အထိသတ်မှတ်ထားပါတယ်။ ပြောင်းရွှေ့ကြေးမြင့်မားတာကြောင့် မန်စီးတီးအနေနဲ့ ဂရီးလစ်ရှ်အပါအဝင် အသင်းမှကြယ်ပွင့်ကစားသမားတွေကို ရောင်းချပြီး ဘဏ္ဍာငွေရှာဖွေသွားဖို့လိုအပ်နေပါတယ်။ ဂရီးလစ်ရှ်က အဲဗာတန်သို့ပြောင်းရွှေ့ဖို့ နီးစပ်နေသလို၊ နောက်ထပ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဆာဗင်ဟိုကိုလည်း တော့တင်ဟမ်က ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။ 

ရိုဒရီဂိုအနေနဲ့ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်နေရာရဖို့ရုန်းကန်ခဲ့ရသလို၊ လက်ရှိနည်းပြ ဇာဘီအလွန်ဆိုလက်အောက်မှာလည်း နေရာအတွက်တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရသလို၊ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်း ပုံမှန်နေရာမရခဲ့ပါဘူး။ 

ဂရီးလစ်ရှ်ဟာ တစ်ချိန်က ဗြိတိန်ဘောလုံးသမိုင်းတစ်လျှောက် အမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ မန်စီးတီးသို့ ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် အဲဗာတန်မှာကစားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ရိုဒရီဂိုဟာ တိုက်စစ်မှူးအနေနဲ့ရော၊ တောင်ပံကစားသမားအနေနဲ့ပါကစားနိုင်တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း အတွေ့အကြုံပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် မန်စီးတီးအတွက် အထောက်အကူ အများအပြားပေးနိုင်တဲ့ကစားသမားအဖြစ် ဂွါဒီယိုလာက ရှုမြင်ထားပါတယ်။

သို့သော်လည်း ဘရာဇီးသားဟာ ပြီးခဲ့တဲ့ရာသီကတော့ ရီးရဲလ်မက်ဒရစ်အတွက် ပွဲ ၃၀ ကစားပြီး ၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။ ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်သို့စတင်ရောက်ရှိခဲ့ပြီး အသင်းအတွက် လာလီဂါဖလား ၃ ကြိမ်၊  ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 
ယခုနွေရာသီမှာတော့ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်မှထွက်ခွာလိုကြောင်း ဖော်ပြထားပြီး ကစားသမားကို မန်စီးတီးအပြင် လီဗာပူးနဲ့ အာဆင်နယ်တို့ကလည်း စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ ရိုမာနိုရဲ့ဖော်ပြချက်အရတော့ ရိုဒရီဂိုအနေနဲ့ အသင်းမှဆက်မနေလိုပါက ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ဘရာဇီးကြယ်ပွင့်ကို လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာမြင်တွေ့ခွင့်ရသွားဖို့ အလားအလာများနေပါတယ်။