The network connection is lost.

Banner Image

ယူနိုက်တက်အတွက် တန်းဆင်းရနိုင်ခြေ အမှန်တကယ်ရှိတယ်လို့ နည်းပြဟောင်းတန်ဟက် ယုံကြည်နေ

ပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာယူနိုက်တက်အတွက် တန်းဆင်းသွားဖို့ ဖြစ်နိုင်ခြေဆိုတာ သေချာပေါက်ရှိနေတယ်လို့ နည်းပြဟောင်းတန်ဟတ် ယုံကြည်နေပါတယ်။

အသက် ၅၆ နှစ်အရွယ်နည်းပြက အိုးလ်ထရက်ဖို့ဒ်မှာ သဘောထားကွဲလွဲမှုတွေ အများကြီးရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပေမဲ့ အသင်းကို တာဝန်ယူခဲ့တဲ့ နှစ်နှစ်ခွဲတာကာလအတွင်း အက်ဖ်အေဖလားတစ်ကြိမ်နဲ့ ကာရာဘောင်းဖလားတစ်ကြိမ် ရယူပေးခဲ့ပါတယ်။

သူ့ကို ရာထူးမှထုတ်ပယ်ပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်မှာ အဖြစ်အပျက်တွေ အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် လပိုင်းအကြာမှာပဲ မိုက်ကယ်ကာရစ်ရဲ့အသင်းက တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။

ယူနိုက်တက်က ၁၉၇၄ ခုနှစ်နောက်ပိုင်း အင်္ဂလန်ထိပ်တန်းလိဂ်မှ တန်းဆင်းခဲ့ဖူးခြင်း မရှိသလို လတ်တလောမှာလည်း ပွဲစဉ်တွေကစားဖို့ ကျန်ရှိနေသေးပေမဲ့ အန္တရာယ်ကြီးမားတဲ့ အခြေအနေကိုတော့ အမှန်တကယ် ရင်ဆိုင်နေရပါတယ်။

ESPN နဲ့ဆွေးနွေးခန်းမှာ တန်ဟတ်က ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ်အထိ ရရှိထားတဲ့ ကလပ်အသင်းကြီးအတွက် ကြောက်မက်ဖွယ် တန်းဆင်းရမယ့် အခြေအနေဆိုးဆိုတာ သေချာပေါက် ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆနေပါတယ်။

တန်ဟတ်က "ပရီးမီးယားလိဂ်မှာတော့ သေချာပေါက် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးရှင်းရှင်းပြောရရင် ပြိုင်ပွဲဝင်အသင်းအားလုံး အင်အားတောင့်တင်းကြလို့ပါ"

"သူတို့အားလုံးက တောင့်တင်းတဲ့ လူစာရင်းတွေ၊ ထက်မြက်တဲ့ နည်းပြတွေချည်းပါပဲ။ တကယ်လို့ ခင်ဗျားသာ မှားယွင်းတဲ့လမ်းကြောင်းတစ်ခုဆီ တစ်ကြိမ်ရောက်သွားပြီး အဲ့ဒီအဆိုးသံသရာထဲ အမှန်တကယ်ကျရောက်သွားရင်တော့ ....... ဟုတ်ပါတယ်၊ အဲ့ဒီအခါမှာ အခြေအနေတွေက အလွန်အမင်း ခက်ခဲသွားနိုင်ပါတယ်" လို့ ပြောပါတယ်။

အဲဒီနောက် တန်ဟတ်က ကလပ်အသင်းမှာ သူဖြတ်သန်းခဲ့တဲ့ကာလတွေအကြောင်းကို  ပြန်ပြောင်းသုံးသပ်ခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက "ယူနိုက်တက်နဲ့အတူ ကျွန်တော်တို့ အတော်လေးကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်"

"တော်တော်လေး ကောင်းတာထက်တောင် ပိုခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့လည်း ဒီထက် ပိုကောင်းအောင် မလုပ်နိုင်တော့ပါဘူး"

"ကျွန်တော်တို့ မရောက်လာခင် ဆုဖလားလက်မဲ့ဖြစ်နေတာ ခြောက်နှစ်တောင် ကြာမြင့်ခဲ့ပါတယ်။ အခု သူတို့ ဘယ်ရောက်နေလဲဆိုတာ ကြည့်လိုက်ပါ။ ကျွန်တော်တို့ကတော့ ဝင်ဘာလေကွင်းဆီ ခြောက်ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲ နှစ်ကြိမ် ကစားခဲ့ပါတယ်"

"ကျွန်တော်တို့ ဆုဖလား ၂ လုံး ရရှိခဲ့တယ်၊ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ တော်တော်လေးကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တာပါပဲ။ တချို့အချိန်တွေမှာလည်း တကယ်ကိုကောင်းတဲ့ ဘောလုံးကစားပုံကို ပြသနိုင်ခဲ့ပါတယ်"

"ကျွန်တော်တို့ဆီမှာလည်း ခက်ခဲတဲ့ ကာလတစ်ခု ရှိခဲ့ပါတယ်... ဒါပေမဲ့ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အရမ်းပြင်းထန်ပြီး ခင်ဗျားအတွက် ခက်ခဲတဲ့ အချိန်ကာလတစ်ခုနဲ့ ကြုံတွေ့ရပြီဆိုရင်တော့... ဟုတ်ပါတယ်၊ အဲဒီအခါမှာ ခင်ဗျားတော့ တကယ့်ပြဿနာကြီးနဲ့ ရင်ဆိုင်ရပါပြီ" လို့ ဆိုပါတယ်။