ပြိုင်ဘက်နည်းပြတွေရဲ့ ဗီဒီယိုမှတ်တမ်းအထောက်အထားကို အများအပြားစုဆောင်းထားတယ်လို့ အာဆင်နယ်နည်းပြ အာတီတာ ဖွင့်ဟ
ပြိုင်ဘက်နည်းပြတွေရဲ့နည်းစနစ်ဧရိယာအပြင်ဘက်ဆီ ထွက်ခွာတဲ့ အထောက်အထားမှတ်တမ်းတွေကို အများအပြားစုဆောင်းထားတယ်လို့ အာတီတာက ဖွင့်ဟပြောကြားလိုက်ပါတယ်။
အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အာဆင်နယ်ရဲ့စနေညပိုင်းပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းစနစ်ဧရိယာပြင်ပဆီ ထွက်ခွာမိလို့ အဝါကတ်ပြသခံရတဲ့ အာတီတာက ဒီဆုံးဖြတ်ချက်ကို အငြင်းပွားစရာကိစ္စဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ဒုတိယပိုင်းအတွင်း သတ်မှတ်နည်းစနစ်ဧရိယာပြင်ပဆီ အကြိမ်ကြိမ်ထွက်ခွာခဲ့လို့ အာတီတာကို ကွင်းလယ်ဒိုင်တိုနီဟဲရင်တန်က အဝါကတ် ပြသခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် အာတီတာကိုယ်တိုင် စိတ်ရှုပ်ထွေးအံ့အားသင့်ခဲ့ပြီး အခြားနည်းပြတွေလည်း ဒီစည်းမျဉ်းကို အမြဲတစေ ချိုးဖောက်နေပေမဲ့ ဘာပြစ်ဒဏ်မှ မရရှိပါဘူးလို့ ပွဲစဉ်အပြီးမှာ ထောက်ပြခဲ့ပါတယ်။
သတင်းထောက်တွေဆီ အာတီတာက "ဒီလိဂ်မှာ စံချိန်တင်ထားတဲ့ နည်းပြတွေတောင် ရှိပါတယ်။ ၁၀ မိနစ်အတွင်း နည်းစနစ်ဧရိယာအပြင်ဘက်ဆီ ၃၆ ကြိမ်လောက် ထွက်ပေမဲ့ ဘယ်လိုအဝါကတ်မျိုးကိုမှ မရရှိကြပါဘူး" လို့ ပြောပါတယ်။
"ဒါကြောင့် အဲဒီမှတ်တမ်းတွေအားလုံးကို ကျွန်တော်သိမ်းဆည်းထားပါတယ်။ ကျွန်တော့်ဆီမှာ ဒီမှတ်တမ်းတွေကို သိမ်းဆည်းထားနိုင်ဖို့ နေရာကြီးကြီးမားမား ရှိပါတယ်။ တကယ်လို့ တစ်စုံတစ်ဦးက 'တခြားလူတွေဆီမှာ စံချိန်မှတ်တမ်းတွေရှိပေမဲ့ ငါ့မှာတော့ မရှိသေးဘူး'လို့ ပြောလာမယ်ဆိုရင် အဲ့ဒီနည်းပြအတွက် ၁၀ မိနစ်အတွင်း အဝါကတ် ၃၆ ကြိမ်လောက် ဖြစ်သွားပါလိမ့်မယ်"
"ကျွန်တော် သတိထားဖို့တော့ လိုပါလိမ့်မယ်။ အဲဒီနေရာမှာ ကောင်းမွန်တဲ့ အာရုံခံကိရိယာ (sensor) တွေ တပ်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်" လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ထုတ်ပြန်ခဲ့တဲ့ BBC Sport ရဲ့ လေ့လာမှုတစ်ခုအရ အာတီတာက ပွဲစဉ်တစ်ခုအတွင်း နည်းစနစ်ဧရိယာအပြင်ဘက်မှာ ပွဲချိန် ၄၀ ရာခိုင်နှုန်းကို ကုန်ဆုံးခဲ့ပြီး ဒါက နူနိုဆန်းတို့စ်(၈၂ ရာခိုင်နှုန်း)၊ အူနိုင်းအမ်မရီ (၆၃ ရာခိုင်နှုန်း)နဲ့ အိုင်ဗန်ဂျူရစ်ခ်ျ (၅၈ ရာခိုင်နှုန်း) တို့လို နည်းပြတွေထက် အတော်လေးနည်းပါးခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။