The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်မှာ ကာရစ်ကြုံတွေ့နေရတဲ့ အခြေအနေအပေါ် သုံးသပ်မှတ်ချက်ပေးလာတဲ့ ချဲလ်ဆီးနည်းပြအလွန်ဆို

ဒီည၊ ထိပ်တိုက်တွေ့ဆုံမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်အပေါ် စာနာနားလည်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အလွန်ဆို စတမ်းဖို့ဒ်ဘရစ်ချ်မှာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့သလို ကြားရက်၊ ကာရာဘောင်းဖလားပွဲစဉ်မှာလည်း လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့လို့ ချဲလ်ဆီးနည်းပြတာဝန်ယူပြီးနောက်ပိုင်း အဆိုးရွားဆုံးသီတင်းပတ်နဲ့ ကြုံတွေ့နေရပါတယ်။

တဖက်မှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ရဲ့အခြေအနေက အလွန်ဆိုထက်အောင် ပိုဆိုးနေသေးပြီး ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာပါစေ၊ ရာထူးမှထုတ်ပယ်ခံရမယ်ဆိုတဲ့ ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

ယူနိုက်တက်က အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီးချိန် နှစ်ပွဲသာအနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့်-၁၆ နေရာမှာ ရပ်တည်နေပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အလွန်ဆိုက သူ့ရဲ့ပြိုင်ဘက်ယူနိုက်တက်နည်းပြအပေါ် 'လေးစားမှု' နဲ့ 'စာနာမှု' ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"နည်းပြတစ်ဦးအဖြစ် ကာရစ်အပေါ် ကျွန်တော့်ရဲ့လေးစားမှု အများကြီးရှိသလို အများကြီးလည်း စာနာနားလည်မိပါတယ်။ ကျွန်တော်တို့ အချင်းချင်း ရင်ဆိုင်ကစားဖူးလို့ သူ့ကို ကျွန်တော် သိပါတယ်။ မကြာသေးမီကလည်း ဂန္ထဝင်ပွဲစဉ်တစ်ခုမှာ အတူတူ ကစားခဲ့ကြတာကြောင့် နည်းနည်းပါးပါး စကားစမြည် ပြောဖြစ်ခဲ့ပါသေးတယ်" လို့ အလွန်ဆိုက ပြောပါတယ်။

"သူက တကယ့်ကို လူကောင်းတစ်ဦးဖြစ်ပြီး သူ့လိုလူမျိုးနဲ့ အတူရှိချင်ကြပါလိမ့်မယ်။ ဒါပေမဲ့ အခုထက်ပိုပြီးတော့လည်း ကျွန်တော် မှတ်ချက်ပေးစရာ မရှိပါဘူး" လို့ ဆိုပါတယ်။