The network connection is lost.

Banner Image

ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ အန်ဖီးလ်ကွင်းနိုင်ပွဲအပြီး အသင်းဖော်တွေကို သတိပေးလိုက်တဲ့ မက်ဂွါရီ

ယမန်နေ့၊ အဝေးကွင်းမှာ လီဗာပူးကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိမှုကြောင့် အသင်းဖော်တွေရဲ့ မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းကင်းလွတ်သွားလို့ မဖြစ်ဘူးလို့ အနိုင်ဂိုးရှင်မက်ဂွါရီက သတိပေးပြောကြားခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် မက်ဂွါရီက “ ကလပ်အသင်းတစ်ခုအဖြစ် ဒီနိုင်ပွဲက မလုံလောက်နိုင်လို့ ကျွန်တော်တို့တွေ မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းကင်းလွတ်သွားလို့ မဖြစ်ပါဘူး။
ဒီကလပ်အသင်းအတွက် အခုသီတင်းပတ်ဟာ အဓိပ္ပါယ်အများကြီးရှိနေပါလိမ့်မယ်။ ဒါပြီးရင် ကျွန်တော်တို့က လာမယ့်သီတင်းပတ်မှာ ဘရိုက်တန်ကို ဧည့်ခံကစားရပါမယ်။ ဒါကြောင့် ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ယူနိုက်တက်က အတော်ကြာကြာပျောက်ဆုံးနေတဲ့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက ၂၀၁၆ ခုနှစ်နောက်ပိုင်း၊ အန်ဖီးလ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ်အနိုင်ရလဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီကာလအတွင်း ယူနိုက်တက်က အန်ဖီးလ်ကွင်းမှာ ငါးပွဲသရေ၊ လေးပွဲရှုံးနိမ့်ခဲ့ပါတယ်။

အလားတူ ဒီပွဲစဉ်မှာ လီဗာပူးက ဂိုးကန်သွင်းချက် ၁၉ ကြိမ်မှ ဂိုးရနိုင်ခြေ(xG) 2.76 အထိရှိခဲ့ပြီး ယူနိုက်တက်ရဲ့ ဂိုးကန်သွင်းချက် ၁၂ ကြိမ်မှ ဂိုးရနိုင်ခြေ(xG) 1.26 ထက် ပိုမိုကောင်းမွန်ခဲ့လို့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို သရဲနီတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် နိုင်ပွဲရရှိဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ မက်ဂွါရီကိုယ်တိုင်လည်း သူ့ရဲ့သရဲနီကစားသမားဘဝတလျှောက် မကြာခဏဆိုသလို အရှုံးပေးနေရတဲ့မြေမှာ ဟီးရိုးအဖြစ် တောက်ပနိုင်ခဲ့မှုအပေါ် ကျေနပ်နေပုံရပါတယ်။

အင်္ဂလန်ခံစစ်မှူးက “ အဓိပ္ပါယ်ပြည့်ဝလွန်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့သလို ကျွန်တော်တို့ကလပ်အသင်းအတွက်တော့ မကောင်းမွန်ခဲ့ပါဘူး။ ကျွန်တော်တို့က ကိုယ့်အသင်းပရိသတ်တွေဆီ ဒီနေ့လိုလက်ဆောင်မျိုး မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီကွင်းမှာ အနိုင်သုံးမှတ်အပြည့်ရရှိဖို့ အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရပါတယ်။ 
ဒါက ကလပ်အသင်းနဲ့ ကောင်လေးတွေအတွက် သာမန်ကာလျှံကာ သုံးမှတ်မဟုတ်ပါဘူး။ 

ကျွန်တော်ဆိုရင် ဒီကွင်းမှာလာကစားဖူးတာ ခုနစ်နှစ်တိတိရှိခဲ့ပြီး အနိုင်သုံးမှတ်အပြည့်ရယူဖို့ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်။ ဒီအောင်ပွဲက ပရိသတ်တွေအတွက်ဖြစ်ပြီး သူတို့တွေ ကောင်းမွန်တဲ့ညချမ်းတစ်ခုကို ရရှိလိမ့်မယ်လို့ ထင်ပါတယ်။

လီဗာပူးကိုအနိုင်ရရှိတာ ပျော်စရာကောင်းပါတယ်။ ဘောလုံးဆိုတာ သမိုင်းမှတ်တမ်းတွေနဲ့ ပြည့်နှက်နေပြီး ထူးရှယ်အခိုက်အတန့်တွေကို ဖန်တီးရခြင်းဖြစ်ပါတယ်။ ပရိသတ်တွေလည်း အမှတ်တရများစွာနဲ့အတူ အိမ်ပြန်သွားနိုင်မယ်ဆိုတာ အာမခံပါတယ်။ ကျွန်တော်တို့လည်း ပျော်ရွှင်မှုအပြည့်နဲ့ အိမ်ပြန်နိုင်ပါပြီ”လို့ ဆိုပါတယ်။